Containers

တရုတ်-စင်ကာပူအတွက် ကွန်တိန်နာခ ၄ ဆ မြင့်တက်

အာရှတိုက်တွင် ကွန်တိန်နာရှားပါးမှုသည် ရေကြောင်းပို့ဆောင်စရိတ် မြင့်တက်စေသည်။

ကုန်စည် ၀ယ်လိုအားကို ဖြည့်ဆည်းရန် အာရှမှ ဥရောပနှင့် အမေရိကန်ပြည်ထောင်စုသို့ ကုန်ပစ္စည်း တင်ပို့မှုများပြားနေသည့်အတွက် ကွန်တိန်နာများ ဖြန့်ဝေမှု တစ်ဖက်စောင်းနင်းဖြစ်ကုန်ပြီး အာရှတွင် ကွန်တိန်နာ မလုံလောက်မှု ဖြစ်ပွားနေခြင်းကြောင့် အာရှတွင် ကွန်တိန်နာခများ ဈေးထိုးတက်ကုန်သည်။
ကွန်တိန်နာပေးပို့သည့် အခကြေးနှုန်းထားသည် အာရှနိုင်ငံများအတွက်သာမက ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတို့အတွက်လည်း ယခင်ကထက် မြင့်မားနေဆဲဖြစ်ပြီး အာရှတွင် ကွန်တိန်နာ မလောက်မငှ ဖြစ်နေသည့်ပြဿနာ ဖြေရှင်းနိုင်မှသာ ဈေးပြန်ကျဖွယ် ရှိသည်။

တရုတ်ပြည် ရှန်ဟိုင်းမှ စင်ကာပူသို့ ကုန်တင်ပို့ရန် ကွန်တိန်နာခသည် ပေ ၂၀ တစ်လုံးလျှင် အောက်တိုဘာလ၌ အမေရိကန်ဒေါ်လာ ၁၇၀ ရှိခဲ့ပြီး ဈေးတက်လာခဲ့ရာ နိုဝင်ဘာလလယ်တွင် အမေရိကန်ဒေါ်လာ ၈၀၂ ဖြစ်လာသည်။ ရာခိုင်နှုန်းအားဖြင့် ၃၇၀% မြင့်တက်ခြင်းဖြစ်ရာ တစ်လဝန်းကျင်အတွင်း ၄ ဆ နီးပါး မြင့်တက်သွားခြင်း ဖြစ်သည်။ ကွန်တိန်နာ သင်္ဘောခမှာ ဈေးငြိမ်နေသည်။ ထိုခရီးစဉ်အတွက် ကွန်တိန်နာ သင်္ဘောအငယ်စားများ အများအပြား အသင့် ရှိနေသောကြောင့် ဖြစ်သည်။

စင်ကာပူသည် ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့အာရှတို့အတွက် ကုန်သွယ်ရေးအချက်အချာ ဗဟိချက်အဖြစ် နေရာယူထားသည်။ အော်ပရေတာများသည် ၎င်းတို့၏ကုန်ပစ္စည်းများကိုတရုတ်နှင့်အရှေ့တောင်အာရှမှအခြားဒေသများသို့ စင်ကာပူမှတစ်ဆင့် တင်ပို့သည်။ သို့ဖြစ်ရာ ဥရောပနှင့် အမေရိကန်ပြည်ထောင်စုသို့ တင်ပို့မှုတိုးများလာသည်နှင့်အမျှ စင်ကာပူတွင် ကွန်တိန်နာလိုအပ်ချက်မှာလည်း တိုးပွားလာသည်။

ဒေတာအချက်အလက်များ ထုတ်ပြန်ပေးသည့် အမရေိကန်အခြေစိုက် Descartes Datamyne ၏ ထုတ်ပြန်ချက်အရ ရေကြောင်းကွန်တိန်နာ ပေးပို့မှုကိုကြည့်လျှင် အာရှမှ အမေရိကန်ပြည်ထောင်စုသို့ အောက်တိုဘာလတွင် စံချိန်တင် မြင့်မားခဲ့သည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလထက် ၂၃.၃ % ပိုများခဲ့သည်။တရုတ်ပြည် ရှန်ဟိုင်းမှ အမေရိကန်ပြည်ထောင်စုသို့ ပေ ၄၀ ကွန်တိန်နာဈေးနှုန်းသည်လည်း အမြင့်မားဆုံး ဖြစ်ခဲ့ရာ အမေရိကန်ဒေါ်လာ ၃,၉၁၃ ဖြစ်နေခဲ့သည်မှာ ဇူလိုင်လကတည်းက ဖြစ်သည်။

ပရိဘောဂနှင့်အသုံးအဆောင်ပစ္စည်းများ ရောင်းအားမြင့်တက်လာသည်နှင့်အမျှ လက်လီအရောင်းဆိုင်များသည် COVID-19 ဖြစ်ပွားမှုများ ထပ်မံဖြစ်ပွားလာသည့်အခါ ပစ္စည်း မပြတ်လပ်စေရန် ပိုမိုဝယ်ယူထားပြီး လှောင်ထားသည့်အတွက် ကွန်တိန်နာများဖြင့် တင်ပို့မှု မြင့်မားနေစေသည်။

အမေရိကန်ပြည်ထောင်စုသို့ ကွန်တိန်နာများဖြင့် ပစ္စည်းများ အဝင်များလွန်းသဖြင့် သင်္ဘောပေါ်မှ ဆိပ်ကမ်းသို့ ကွန်တိန်နာ ချရာတွင် နှောင့်နှေးမှုများဖြစ်ပေါ်ခဲ့သည်။
ထိုသို့ ရောက်ရှိသွားသော ကွန်တိန်နာများ အာရှသို့ ပြန်ရောက်မလာကြသေးသဖြင့် ရှန်ဟိုင်း- အရှေ့တောင်အာရှ ခရီးစဉ်များအတွက် ပစ္စည်းထည့်ရန် ကွန်တိန်နာအလွတ် မလောက်မငှ ဖြစ်နေပြီး ကွန်တိန်နာခ ဈေးတက်ကုန်သည်။
ပုံမှန်အားဖြင့် ခရစ်စမတ်နှင့် နှစ်သစ်ကူးကာလ ဈေးရောင်းကောင်းချိန်အတွက် ပစ္စည်းများ ကြိုတင်မှာယူမှု များပြားပေရာ ဩဂုတ်လမှ အောက်တိုဘာလအထိ ကွန်တိန်နာ ပမာဏ မြင့်မားသည်။ ထိုလများ နောက်ပိုင်းတွင် ပြန်နည်းသွားလေ့ ရှိသည်။ သို့သော် ယခုနှစ်တွင် နိုဝင်ဘာလ ရောက်သည့်တိုင် ကွန်တိန်နာဖြင့် သယ်ယူသည့် ပမာဏ ဆက်လက် မြင့်မားနေခဲ့သည်။

ကွန်တိန်နာသင်္ဘော အော်ပရေတာတစ်ဦးက " နိုဝင်ဘာ လလယ်အထိ ကွန်တိန်နာ လိုအပ်မှု အခုလို မြင့်မားနေတာ တစ်ခါမှ မကြုံဖူးဘူး။ အရင်တုန်းက မကောင်းဘူးလို့ သတ်မှတ်ထားတဲ့ ကွန်တိန်နာတွေကိုတောင် ကျွန်တော်တို့ ယူသုံးနေကြရတယ်" ဟု ပြောပြသည်။

တရုတ်မှ ဥရောပသို့ ပေ ၂၀ ကွန်တိန်နာခသည်လည်း မြင့်တက်ခဲ့သည်။ တစ်လအတွင်း ၄၉.၅% တက်ခဲ့ရာ အမေရိကန်ဒေါ်လာ ၁,၆၄၄ ဖြစ်သွားသည်။ ကွန်တိန်နာ သင်္ဘောခမှာလည်း ဥရောပ ခရီးစဉ်အားလုံးအတွက် စံချိန်တင် မြင့်မားနေဆဲ ဖြစ်သည်။ သို့တိုင်အောင် အမြင့်ဈေးပေးပြီး ကုန်ပို့လိုသဖြင့် ကွန်တိန်နာအလွတ် ရှာဖွေနေကြဆဲ ဖြစ်သည်။

asia.nikkei.com

Read times
Rate this item
(1 Vote)