Containers

ONE Apus မှ ရေထဲ ပြုတ်ကျသည့် ကွန်တိန်နာများ သင်္ဘောက လျော်ရမှာလား အာမခံကုမ္ပဏီကလျော်မှာလား

ONE Apus မှ ရေထဲ ပြုတ်ကျသည့် ကွန်တိန်နာများ သင်္ဘောက လျော်ရမှာလား

အာမခံကုမ္ပဏီကလျော်မှာလား

အထက်ပါမေးခွန်းကို ကျနော်ရဲ့ ONE Apus သင်းဘောမှ ကုန်သေတ္တာများပင်လယ်ထဲ ပြုတ်ကျ သည့် သတင်းနဲ့စပ်လျဉ်းပြီး သူငယ်ချင်း တစ်ယောက် က comment မှာ မေးထားလို့၊ အများလည်း စိတ်ဝင်စားမယ်ထင်လို့ ကျနော်သိသလောက် ပြန်လည်ဖြေပေးလိုက်ပါတယ်။

ကုန်စည်တွေကိုအာမခံထားတဲ့ ရေကြောင်းကုန်စည် အာမခံ ပေါ်လစီ ၃ မျိုးအနက်
Institute Cargo Clauses (A)(1/1/09) all risks ဖြင့် ထားလျှင်၊
သို့မဟုတ်
Institute Cargo Clause (B) (ICC B Clause) ဖြင့်ထားလျှင်
အာမခံ ကုမ္ပဏီက ပင်လယ်ထဲ ပြုတ်ကျတဲ့ ကုန်သေတ္တာတွေအတွက် လျော်ပေးပါမည်။
သို့သော် ICC (C) ဖြင့်ထားပါက အာမခံ ပေါ်လစီနဲ့ အကျုံးမဝင်တော့တဲ့အတွက် မလျော်ပေးပါဘူး။


ပုံ (၁) ICC ( B) clauses

clause_1.jpg

 


ပုံ (၂) ICC (C) clauses

 

2_clause.jpg

 

ICC (B) clauses ၏ အာမခံပေါ်လစီနဲ့အကျုံးဝင်တဲ့ Risks တွေကို ဖော်ပြထားရာမှာ clause1.2.2 တွင် Jettison or washing overboard လို့ဖော်ပြထားပါတယ်။
ကုန်သေတ္တာတွေ ရေထဲပြုတ်ကျတာ washing overboard ဆိုတဲ့ risk ထဲမှာ အကျုံးဝင်ပါတယ်။
ICC (C) clauses ၏ risks 1.2.2 မှာတော့ Jettison ဆိုတဲ့ risk ဘဲ ပါပါတော့တယ်။
Washing overboard ဆိုတဲ့ risk ဟာ ပေါ်လစီမှာ မပါတော့ပါဘူး။
ဒါကြောင့် ICC(C) နဲ့အာမခံပေါ်လစီဝယ်ထားပါက ပင်လယ်ထဲပြုတ်ကျ သည့် ကုန်သေတ္တာများဟာ ပေါ်လစီမှာ အကျုံးမဝင်သည့်အတွက် အာမခံလျော်ကြေး မရနိုင်ပါဘူး။
နိုင်ငံတကာ ကုန်သွယ်မှုတွင် Incoterms CIF ဖြင့် ဝယ်ယူပါက ကုန်ရောင်းသူက အာမခံပေါ်လစီကို ပရီမီယံကြေးပိုသက်သာတဲ့ ICC (C) ပေါ်လစီဖြင့်သာ ဝယ်ယူလေ့ရှိသည့်အတွက်၊ ဝယ်ယူသူအနေဖြင့် ဝယ်ထားသည့် ကုန်သေတ္တာ ပင်လယ်ထဲပြုတ်ကျပါက အာမခံအလျော်မရဘဲ ဆုံးရှုးံနိုင်ပါတယ်။
ဒါဆိုရင် ကုန်ဝယ်သူအနေဖြင့် သူ့ရဲ့ ဆုံးရှုံးသွားတဲ့ ကုန်စည်အတွက် သယ်ယူပေးတဲ့ Carrier သင်္ဘောလိုင်းကို ကုန်တင်တန်ဆာ (B/L) အရ အလျော်ပြန်တောင်းလို့ ရမလားလို့ မေးစရာရှိပါတယ်။
မရပါဘူး။ ကုန်တင်တန်ဆာနှင့် အကျုံးဝင်သည့် ကုန်စည်သယ်ယူ ပို့ဆောင်ရေး ပဋိညာဉ်အရ လျော်ကြေးပေးဆောင်ရန်အငြင်းပွားမှုကို Hague or Hague/ Visby Rules အရ ဆုံးဖြတ်ရပါတယ်။ အဲ့ဒီ Rules ရဲ့ Article IV မှာ သယ်ဆောင်သူ Carrier ၏ ရပိုင်ခွင့်နှင့် ကင်းလွတ်ခွင့်တွေ (Rights and Immunities ) ကိုဖော်ပြထားပါတယ်။
အဲ့ဒီ Article IV ရဲ့ rule 2(c) မှာဖော်ပြထားတာက
ပင်လယ်ပြင်မှာတွေ့ကြုံရသည့် ဘေးရန်များ၊ မတော်တစ်ဆမှုများကြောင့် ဖြစ်ပေါ်လာတဲ့ ဆုံးရှုးမှု၊ ပျက်စီးမှုအတွက် သယ်ဆောင်သူ သင်းဘောလိုင်း အနေဖြင့်တာဝန်မရှိဘူး
လို့ဖော်ပြထားပါတယ်။

ARTICLE IV; Rights and Immunities
2. Neither the carrier nor the ship shall be responsible for loss or damage arising or resulting from -
(c) perils, dangers and accidents of the sea or other navigable waters.

အခု ONE Apus သင်္ဘောာဟာ ပစိဖိတ်သမုဒရာထဲမှာ ရာသီဥတုဆိုးရွားမှုနှင့် တွေ့ကြုံရပြီး၊ ကုန်သေတ္တာတွေ ပင်လယ်ထဲပြုတ်ကျ တာသည် ပင်လယ်ပြင်တွင်တွေ့ကြုံရသည့် ဘေးရန်များ (Peril of the Sea) ကင်းလွတ်ခွင့် ထဲမှာအကျုံးဝင်ပါတယ်။
ဒါပေမဲ့ ရပိုင်ခွင့်ဆိုတာ တာဝန်နဲ့အမြဲတွဲထားပါတယ်။ သယ်ဆောင်သူ သင်္ဘောလိုင်းရဲ့ တာဝန်တွေကို အဲ့ဒီ Rules ရဲ့ Article III မှာဖော်ပြထားပါတယ်။
Artivle III, rules 2 မှာ သယ်ဆောင်သူ သင်္ဘောလိုင်းအနေဖြင့် ပဋိညာဉ်အရသယ်ပို့ပေး ရသည့် ကုန်ပစ္စည်းများကို သေချာဂရုစိုက်၍ သင့်တော် မှန်ကန်စွာ သင်္ဘောပေါ်သို့၊ တင်ဆောင်၊ ကိုက်တွယ်၊ ထားသို၊ သယ်ဆောင်၊ ထိန်းသိမ်း ရမယ်လို့ပြဌာန်းထားပါတယ်။ အဲ့ဒီ တာဝန်ကို ရပိုင်ခွင့်နှင့် ချိတ်ဆက်ထားပါတယ်။
rule ရဲ့ရှေ့ဆုံးမှာ Subject to the provisions of Article VI လို့ ဖော်ပြထားပါတယ်။
ARTICLE III; Responsibilities and Liabilities
2. Subject to the provisions of Article IV, the carrier shall properly and carefully load, handle, stow, carry, keep, care for and discharge the goods carried.
တစ်နည်းအားဖြင့် Article III, rules 1 နဲ့ 2 ဟာ over- riding လွှမ်းမိုးတဲ့ သဘောပါ။ သယ်ဆောင်သူ သင်္ဘောလိုင်း အနေဖြင့် Article III အရ သူ့ထမ်းဆောင်ရမယ့် တာဝန်ပျက်ကွက်ရင်၊ Article IV က ကင်းလွတ်ခွင့်တွေ၊ သက်သာခွင့်တွေ မရတော့ပါဘူး။
ONE Aqus သင်္ဘောလိုင်းက ကုန်သေတ္တာတွေ ပြုတ်ကျမှုမှာ သင်္ဘောလိုင်းအနေဖြင့် ကုန်သေတ္တာတွေကို ထားသိုပုံ ၊ Lashing လုပ်တာ မှာ အားနည်းတာ မှားယွင်းတာတွေရှိရင် ပင်လယ်ပြင်မှာတွေ့ကြုံရသည့် ဘေးရန်များ (Peril of the sea) ဆိုတဲ့ ကင်းလွတ်ခွင့်ကို ဆုံးရှုးံမှာ ဖြစ်ပါတယ်။
ကုန်သေတ္တာတွေပြုတ်ကျတဲ့ အကြောင်း ကိုတော့ စစ်ဆေးရမှာဖြစ်လို့ အချိန်ကြာမြင့်နိုင်ပါ တယ်။ လွန်ခဲ့တဲ့ ၂ နှစ်က မီးလောင်သွားတဲ့ Maersk Honan သင်းဘောရဲ့ မီးစလောင်စေတဲ့ အကြောင်းရင်းကို သင်းဘောကိုမှတ်ပုံတင်တဲ့နိုင်ငံ ကစစ်ဆေးပြီး နောက်ဆုံးအစီရင်ခံစာကို လွန်ခဲ့တဲ့ အပါတ်ကမှ ထုတ်ပြန်နိုင်ပါတယ်။
ကုန်သေတ္တာတွေ Lashing လုပ်တာ အားနည်းမှု တွေရှိလို့ နောက်ထပ်လည်း ပြုတ်ကျနေအုံးမှာဘဲလို့ comment မှာ သင်းဘောအရာရှိတစ်ဦးက မှတ်ချက်ရေးထားပါသေးတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလတုန်းကလည်း ONE Apus ရဲ့ ညီအမ သင်းဘော TEU 14052 သယ်နိုင်တဲ့ ONE Aquila လည်း Long Beach ဆိပ်ကမ်းကို အသွားမှာ ကုန်သေတ္တာတွေ ရေထဲပြုတ်ကျခဲ့ဖူးပါသေးတယ်။
ဒါကြောင့် ကုန်တင်သွင်းသူတွေ အနေနဲ့ CIF term နဲ့ဝယ်ရင်၊ ကုန်ရောင်းသူအား အာမခံပေါလစီကို အနည်းဆုံးတော့ ICC Clause (B) ဝယ်ပေးဖို့ အရောင်းအဝယ်စာချုပ်မှာ ညှိနိူင်းဖို့လိုပါတယ်။
သင်္ဘောာလိုင်းက လျော်ရရင်တော့ သင်္ဘောလိုင်း ရဲ့ P& I Club က လျော်ပေးပါလိမ့်မယ်။
နမူနာအားဖြင့် P& I Club တစ်ခုဖြစ်တဲ့ Gard rules မှာ cargo liability နဲ့ပါတ်သက်ပြီး၊ club က အဖွဲ့ဝင် သင်္ဘောလိုင်းအတွက် ပြန်လျော်ပေးရ မယ့် ကုန်စည်ဆုရှုံးမှု၊ ပျက်စီးမှုတွေကို ဖော်ပြထားပါတယ်။
Rule 34 Cargo liability
The Association shall cover the following liabilities when and to the
extent that they relate to cargo intended to be or being or having been carried on the Ship:
a). liability for loss, shortage, damage or other responsibility arising out of any breach by the Member of his obligation properly to load, handle, stow, carry, keep, care for, discharge or deliver the cargo or out of unseaworthiness or unfitness of the Ship;
ပြုတ်ကျတဲ့ ကုန်သေတ္တာက အလုံး ၁၉၀၀ ကျော်တောင်ဆိုတော့ အာမခံ ကုမ္ပဏီကော၊ P& I club ပါ အားတင်းထားနေရပါပြီ။
စင်ကာပူ အခြေစိုက် Container Transport International Consultancy ကတော့ ကုန်သေတ္တာတစ်လုံးလျင် ပျမ်းမျှ FOB ဒေါ်လာ ၂၅,၀၀၀ နူန်းဖြင့် ခန့်မှန်းတန်ဖိုး ဖြတ်ပြီး ကုန်သေတ္တာ အလုံး ၁၉၀၀ အတွက် အာမခံအလျော် စုစုပေါင်း ဒေါ်လာ သန်း၅၀ခန့် လျော်ရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
သန့်ဇင် (MICS-UK)
ဒီဇင်ဘာလ ၃ ရက်၊ ၂၀၂၀။

ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ကို ထိပါ

ONE Apus ကွန်တိန်နာသင်္ဘောပေါ်မှ ကွန်တိန်နာ လုံးရေ ၁၉,၀၀ ကျော် ပျက်စီးဆုံးရှုံးမှု ဖြစ်ပွား

Read times
Rate this item
(2 votes)