Containers

ကွန်တိန်နာသယ်ယူပို့ဆောင်ရေးစျေးနှုန်းများ စံချိန်တင် မြင့်တက်

Coronavirus ကူးစက်ပျံ့နှံ့ပြီးနောက် ၁၈ လအကြာတွင် ရေကြောင်းလောဂျစ်စတစ် ကွင်းဆက် ကမောက်ကမဖြစ်ခြင်း၊ ကွန်တိန်နာ လိုအပ်ချက် မြင့်မားခြင်းတို့ကြောင့် ကွန်တိန်နာသယ်ယူပို့ဆောင်ရေးစျေးနှုန်းများ စံချိန်တင် မြင့်တက်ခဲ့တယ်။

Sea Intelligence မှ အတိုင်ပင်ခံ မစ္စတာအလန်မာဖီက "ကျွန်တော်တို့ဟာ သင်္ဘောတွေ မရရှိခြင်းနဲ့ ကွန်တိန်နာအလွတ်တွေ မရရှိတာကို ရင်ဆိုင်နေရတယ်" လို့ AFP သတင်းဌာနသို့ ပြောပြခဲ့ပါတယ်။
"ကွန်တိန်နာ အလွတ်တွေ အကြီးအကျယ် လိုအပ်နေတယ်။ ကွန်တိန်နာ အလွတ်တွေက တလွဲနေရာတွေမှာ ရောက်ရှိနေတယ်။ ဆိပ်ကမ်းတွေထဲမှာ ပိတ်မိနေတယ်။ အာရှမှာ တင်စရာ ကွန်တိန်နာအလွတ် အဆင်သင့် မရှိတဲ့ အ‌ခြေအနေ ဆိုက်ရောက်နေတယ်"

.
အဓိက ကုန်သွယ်ရေကြောင်းလမ်းများအတွက် စံအမှတ်တစ်ခု ဖြစ်သော Freightos Baltic Index တွင် ကွန်တိန်နာ ပို့ဆောင်ခသည် တရုတ်နိုင်ငံမှ အမေရိကန် အနောက်ကမ်းခြေ ခရီးစဉ်အတွက် တစ်နှစ်အတွင်း ၃ ဆ မြင့်တက်သွားခဲ့ရာ အမေရိကန်ဒေါ်လာ ခုနစ်ထောင်နီးပါး ဈေးမြောက်သွားခဲ့သည်။
အာရှမှ ဥရောပသို့ ခရီးစဉ်တွင် ပြီးခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ ၁,၆၀၀ ကျသင့်သော ခရီးစဉ်အတွက် ယခုအခါ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ကျော်အထိ ဈေးမြောက်နေသည်။

မကြုံစဖူး အခြေအနေဟာ ပြီးခဲ့တဲ့ ၁၀ နှစ်တာ ကာလအတွင်းမှ ပြဿနာများ ပေါင်းစုပါဝင်နေတယ်လို့ အတိုင်ပင်ခံ မစ္စတာအလန်မာဖီက ပြောကြာပါတယ်။ ယခင်က ကုန်စည်ထက် ကွန်တိန်နာ ပို့ဆောင်နိုင်စွမ်းက အများကြီး ပိုများနေသဖြင့် ကွန်တိန်နာ ရေကြောင်းပို့ဆောင်ရေးတွင် အရှုံးပြခဲ့ကြတယ်။
Covid-19 ကပ်ရောဂါ အစမှာ ရေကြောင်းလိုင်းတွေ မျက်ဖြူဆိုက်ကုန်တယ်။ မမြှုပ်ရုံတမယ် အခြေအနေဖြင့် ပြေးဆွဲနေခဲ့ကြရတယ်။ ကွန်တိန်နာလိုင်းများ သယ်စရာ ကွန်တိန်နာ အလုံအလောက် မရရှိတဲ့ ခရီးစဉ်များလည်း ရှိခဲ့တယ်။ ကုန်ထုတ်လုပ်တဲ့ နိုင်ငံ အထူးသဖြင့် တရုတ်နိုင်ငံမှာ ကုန်ထုတ်လုပ်မှုများ ရပ်ဆိုင်းခြင်း၊ လျှော့ချလည်ပတ်ခြင်းများကြောင့် ပြည်ပပို့ကုန် လျော့ကျတယ်။ ဥရောပနဲ့အမေရိကန်တို့မှ ဝယ်ယူသုံးစွဲတဲ့သူတွေကလည်း ဝယ်လိုအား ထိုးကျနေခဲ့တယ်။

ကိုဗစ်ကူးစက်ပျံ့ပွားမှု တားဆီးရေးအတွက် လော့ဒေါင်းတွေ ချထားချိန်မှာ အိမ်မှာပဲ နေကြရလို့ အရင်လို အပန်းဖြေ အပျော်ခရီး ထွက်ခွင့် မရကြတာကြောင့် အဲဒီအတွက် သုံးစွဲမယ့် ငွေတွေ ပိုနေကြတယ်။ တခြားလုပ်စရာတွလည်း လုပ်လို့မရတာကြောင့် ငွေကို အရင်လို မသုံးဖြစ်ကြဘူး။ အဲဒီတော့ တတ်နိုင်ကြသူတွေက အွန်လိုင်းမှာ ပစ္စည်းတွေ ဝယ်ကြတာကြောင့် ဝယ်လိုအား ပြန်လည် မြင့်တက်လာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံက ကိုဗစ်ကို ထိန်းချုပ်ထားနိုင်ခဲ့လို့ ကုန်ထုတ်လုပ်ငန်းတွေ ပုံမှန်ပြန်လည် လည်ပတ်ကြပြီး ပို့ကုန်တွေ ထုတ်လုပ်တယ်။
“နှင်းတောင်ဆီ တစ်ပတ်ခရီးထွက်ပြီး စကီးလျှောစီးမယ့် အပျော်ခရီးအတွက် သုံးမယ့်စရိတ်တွေက အွန်လိုင်းဈေးဝယ်တဲ့ဆီ ရောက်ကုန်တယ်။ ပစ္စည်းအတော်များများ ဝယ်ဖို့ တတ်နိုင်တဲ့ ပမာဏဖြစ်နေတော့ ဝယ်လိုအား တက်တယ်” လို့ Higher Institute of Maritime Economics မှ ညွှန်ကြားရေးမှူးဖြစ်သူ ပေါ်လ်တာရက်က ရှင်းပြတယ်။
အာရှမှ ပို့ကုန်များ ဥရောပနဲ့ အမေရိကန်သို့ တစ်ဖက်သတ် စီးဆင်းတဲ့အတွက် ကွန်တိန်နာ အလွတ်တွေ အာရှမှာ ကုန်သွားစေခဲ့တယ်။
ဆိပ်ကမ်းတွေမှာ ကွန်တိန်နာ အတင်အချတွေကလည်း ယခင်ကထက် နှေးနေတာကြောင့် ကွန်တိန်နာတစ်လုံး သုံးစွဲထားချိန်က ယခင်ကထက် ပိုကြာမြင့်တယ်။ အလွတ်ဖြစ်ဖို့ အချိန်ပိုကြာနေစေတယ်။

ကွန်တိန်နာသယ်ယူပို့ဆောင်ရေးစျေးနှုန်းများ စံချိန်တင် မြင့်တက်တာကြောင့် သင်္ဘောပိုင်ရှင်တွေ အကျိုးအမြတ် ရရှိကြတယ်။
CMA CGM ကွန်တိန်နာ သင်္ဘောကုမ္ပဏီက ၂၀၂၁ ခုနှစ် ပထမ သုံးလပတ်အတွက် အသားတင်အမြတ် အမေရိကန်ဒေါ်လာ ၂ ဘီလျံကျော် ရရှိခဲ့တယ်။ ယခင်နှစ်ထက် အဆ ၄၀ ကျော် ပိုမိုရရှိခဲ့တာ ဖြစ်ပါတယ်။
AP Moller-Maersk ကွန်တိန်နာလိုင်းက ယခုနှစ် ပထမ ၃ လ အတွင်းမှာ အသားတင်အမြတ် အမေရိကန်ဒေါ်လာ ၂.၇ ဘီလျံ ရရှိခဲ့ကြောင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။

အခုလို ဝင်ငွေကောင်းတာကြောင့် သင်္ဘောအသစ် မှာကြား ဖြည့်တင်းခြင်း ပြုကြတယ်။ လက်ရှိသင်္ဘောတွေကို လေထုရေထု ညစ်ညမ်းမှု သက်သာတဲ့ သဘာဝဓာတ်ငွေ့ရည် LNG သုံး သင်္ဘောအဖြစ်သို့ ပြောင်းလဲကြတယ်။
ကွန်တိန်နာသင်္ဘောလိုင်းများအနေဖြင့် ပို့ဆောင်ခနဲ့ ကွန်တိန်နာခတို့ကို ဈေးလျှော့ချဖို့ အစီအစဉ် မရှိဘူးလို့ ဆိုပါတယ်။ အားလုံး စည်းစည်းလုံးလုံးဖြင့် ဈေးကို ထိန်းထားကြတယ်။ ဈေးဖောက်ပြီး မလုပ်မှ နောင်ရေးကောင်းမယ်လို့ အားလုံးက တစ်ညီတစ်ညွှတ်တည်း ခံယူထားကြတယ်။
အခုလို မိုးကောင်းတုန်း ရေခံနေကြတာ ၂၀၂၂ ခုနှစ် ပထမ သုံးလပတ်အထိ မတိုင်ခင်အထိ ဆက်ကောင်းနေဦးမယ်လို့ ခန့်မှန်းထားကြပြီး ဈေးနှုန်းတွေက အထွတ်အထိပ်မရောက်သေးဘူး။ အခုထက် ထပ်တက်နိုင်ဖွယ် ရှိတယ်လို့ ယူဆထားသူတွေလည်း ရှိပါတယ်။
လတ်ဆတ်စားသောက်ကုန် ကဲ့သို့သော ပုပ်သိုးပျက်စီးလွယ်တဲ့ အအေးခန်းကုန်စည်တွေအဖို့ ကွန်တိန်နာဖြင့် တင်ပို့တာ၊ တင်သွင်းတာအတွက် ဘယ်လောက်အထိ ပေးဖို့ ပြင်ဆင်ထားသလဲဆိုတဲ့ မေးခွန်းကို ရင်ဆိုင်နေကြရတယ်။ ရက်ရွေ့ဆိုင်းရင် ပုပ်သိုးပျက်စီးပြီး လွှင့်ပစ်ရတဲ့အဖြစ်ကို ရောက်ဖို့ပဲ ရှိလိမ့်မယ်။ ဒီတော့ ဆင်ဖိုးထက် ချွန်းဖိုးကြီး ဆိုသလို ကုန်စည်ဖိုးထက် ကွန်တိန်နာဖိုးက ပိုကြီးနေရင် တင်ပို့ခြင်း တင်သွင်းခြင်း မပြုတော့ဘဲ နောက်ဆုတ်လိုက်ကြရမှာ ဖြစ်ပါတယ်။

Read times
Rate this item
(0 votes)