Containers

Wan Hai သင်္ဘောအင်အားတိုးရန် ဒေါ်လာ ၁ ဘီလျံ သုံးစွဲမည်

Wan Hai က အာရှ-ဉရောပ ကုန်သွယ်ရေးတွင် အရွယ်အစား ပိုငယ်သည့် ကွန်တိန်နာသင်္ဘောများဖြင့် ပြေးဆွဲနိုင်ရန် စီစဉ်နေသည်။

လွန်ခဲ့သည့် တစ်နှစ်က အရွယ်ငယ်သော ကွန်တိန်နာသင်္ဘောများဖြင့် ပြေးဆွဲသည်မှာ စီးပွားရေး တွက်ခြေ မကိုက်ခဲ့ချေ။ သို့သော် ယခုအခါ ကွန်တိန်နာ ပို့ဆောင်ရေး နှုန်းထားများသည် ကုန်သွယ်ရေကြောင်း လမ်းကြောင်းအသီးသီးတွင် တစ်ဟုန်ထိုး မြင့်တက်နေပေရာ အရွယ်ငယ်ကွန်တိန်နာငယ်များ ပြေးဆွဲခြင်း တစ်ခေတ်ပြန်ရောက်လာသည်။
ထို့ကြောင့် တိုင်ဝမ်မှ ပင်လယ်ကူး ကွန်တိန်နာ သင်္ဘောလိုင်း Wan Hai က ပြီးခဲ့သည့် ၆ လတာ အတွင်း ကွန်တိန်နာသင်္ဘောအသစ်များ မှာကြားခဲ့ရာတွင် 3,000 teu နှင့်အောက် အရွယ်အစားရှိ ကွန်တိန်နာသင်္ဘောအသစ်များကိုလည်း မှာကြားခဲ့သည်။ ထိုအရွယ်အစားများသည် စင်းလုံးငှားဈေးကွက် charter market တွင် ဈေးနှုန်းအမြင့်မားဆုံး ရရှိနေကြသည်။ ပိုင်ရှင်များသည် တစ်နေ့ အမေရိကန်ဒေါ်လာ ၁၀၀,၀၀ ရရှိကြသည်ဟု ဆိုသည်။
Vesselsvalue မှ အချက်အလက်များအရ Wan Hai သည် ယခုနှစ် ပထမနှစ်ဝက်အတွင်း သင်္ဘောအသစ် ၄၁ စီး မှာကြားထားသည်။
အခြားကွန်တိန်နာသင်္ဘောလိုင်းများသည်လည်း မိုးရွာတုန်း ရေခံရန် သင်္ဘောအသစ်များ မှာကြားထားကြသည်။ Evergreen ကွန်တိန်နာသင်္ဘောလိုင်းက အသစ် ၂၂ စီး၊ CMA CGM သင်္ဘောလိုင်းက အသစ် ၂၂ စီး အသီးသီး မှာကြားထားကြသည်။ Seaspan Corporation က အသစ် အစီး ၄၀ မှာကြားထားသည်။ သို့သော် ၎င်းတို့သည်ည အရွယ်ပိုကြီးသော ကွန်တိန်နာများကို မှာကြားထားကြခြင်း ဖြစ်သည်။
ပျမ်းမျှချကြည့်လျှင် Wan Hai မှ မှာကြားသော ၄၆ စီး၏ ပျမ်းမျှအရွယ်အစားမှာ ၅,၆၈၆ teu ဖြစ်ပြီး Seaspan Corporation ၏ အသစ် အစီး ၄၀ ၏ ပျမ်းမျှ အရွယ်အစားမှာ ၁၅,၀၇၅ teu ဖြစ်သည်။ Evergreen မှာ ၁၅,၈၁၈ teu ဖြစ်သည်။
ယခုလို အသစ်များ မှာကြားခြင်းသည် လက်ရှိသင်္ဘောအုပ်စုအတွက် သင်္ဘောများ အသစ်လဲသည့် အစီအစဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း Wan Hai က ပြောကြားသည်။ လက်ရှိအခြေအနေတွင် ချာတာငှားထားသော ၆၄ စီးနှင့် ကိုယ်တိုင်ပြေးဆွဲသော ၈၆ စီးတို့မှ သင်္ဘောများကို အသစ်များဖြင့် အစားထိုး လဲလှယ်သွားမည်ဟု ဆိုသည်။
Wan Hai ပိုင်ဆိုင်သော ကွန်တိန်နာသင်္ဘောများတွင် ၁,၀၆၈ teu မှ ၇,၂၄၁ teu အထိ အရွယ်အစား အမျိုးမျိုး ရှိနေပြီး အရွယ်ပိုကြီးမားသော ကွန်တိန်နာသင်္ဘောများ ပြေးဆွဲရန် ဆောင်ရွက်ခြင်း မပြုချေ။ သို့ဖြစ်ရာ အချို့ ကုန်သွယ်ရေးလမ်းကြောင်းများတွင် Wan Hai ကို ဘေးဖယ်ထားပြီး အကြီးစားကွန်တိန်နာ သင်္ဘောလိုင်းများကိုသာ သုံးစွဲကြသည်။ အထူးသဖြင် အာရှ-ဥရော ခရီးစဉ်များသည် အကြီးစား ကွန်တိန်နာများဖြင့် သယ်ပို့မှသာ တွက်ခြေကိုက်သဖြင့် Wan Hai ကို ဘေးဖယ်ထားကြသည်။

အာရှမှ ဥရောပမြောက်ပိုင်းသို့ ပြေးဆွဲသည့် ခရီးစဉ်များကို စင်ကာပူမှ PIL နှင့် လက်တွဲပြီး ပြေးဆွဲခဲ့ဖူးသော်လည်း ၂၀၀၈ ခုနှစ်တွင် ရပ်ဆိုင်းခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် အတန်ကြာ ပြန်ပြေးဆွဲခဲ့ပြီး ရပ်နားထားလိုက်ပြန်သည်။
အာရှမှ ဥရောပမြောက်ပိုင်းသို့ ပြေးဆွဲသည့် ခရီးစဉ်များတွင် ကွန်တိန်နာပို့ဆောင်ခများသည် ယခင်နှစ်ထက် ၇ ဆ ဈေးတက်ခဲ့ပြီးပြီ ဖြစ်သော်လည်း ကွန်တိန်နာသင်္ဘောများ လုံလုံလောက်လောက် မရရှိသေးသဖြင့် Wan Hai အနေဖြင့် ၎င်းဈေးကွက်တွင် ဝင်ကစားရန် အခွင့်သာနေသည်။ ယခင်က Wan Hai သည် အာရှတစ်ခွင် ခရီးစဉ်များကိုသာ အဓိကထားပြီး ပြေးဆွဲခဲ့သည်။

အင်အား ဖြည့်တင်းရန်အတွက် ဘတ်ဂျက်ကို Wan Hai Lines အကြီးအကဲက အမေရိကန်ဒေါ်လာ ၁ ဘီလျံ အတည်ပြုပေးထားကြောင်း ဇူလိုင် ၂၀ ရက်မှာ ကျင်းပခဲ့သည့် အစုရှယ်ယာရှင်များ အစည်းအဝေးမှာ အသိပေးပြောကြားခဲ့သည်။

Wan Hai က အာရှတစ်ခွင် ပြေးဆွဲနေခဲ့ရာမှ ပစိဖိတ်သမုဒ္ဒရာဖြတ်သန်း ခရီးစဉ်များနှင့် အာရှ-တောင်အမေရိက ခရီးစဉ်များ ပြေးဆွဲတာကို စတင်ခဲ့သည့်အတွက် ခရီးစဉ်တိုးချဲ့တာနှင့်အမျှ သင်္ဘောစီးရေ ပိုများများ ထားရှိရန် လိုအပ်လာခဲ့သည်။
၂၀၂၀ ခုနှစ်တွင် ပစိဖိတ်ဖြတ်သန်းခရီးစဉ်မှ ဝင်ငွေသည် စုစုပေါင်းဝင်ငွေ၏ ၂၂% ရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်တွင် နှစ်ဆနီးပါး ဝေစုတက်လာခဲ့ရာ ၄၀ % ဖြစ်လာသည်။ စစချင်းတွင် Wan Hai က အခြားကွန်တိန်နာလိုင်းများထံမှ ခရီးစဉ်ကို ဝယ်ယူပြီး ပြေးဆွဲခဲ့သည်။ နောက်တစ်ဆင့်တွင် သင်္ဘော ခုနစ်စီးကို ချာတာ ငှားရမ်းခဲ့သည်။
သင်္ဘောအသစ်များ မှာကြားသည့်အခါ အချိန်ကြာကြာနှစ်ချီကြာအောင် စောင့်ရသည့်အတွက် လက်ငင်းမှာ အင်အားတိုးချဲ့ဖို့အတွက် တစ်ပတ်ရစ်သင်္ဘောများကိုလည်း Wan Hai က ဝယ်ယူခဲ့သည်။
ပြီးခဲ့သည့်နှစ်က Wan Hai က တစ်ပစ်ရစ်ဈေးကွက်ထဲမှာ သင်္ဘော ၁၁ စီး ဝယ်ယူခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၃၆၀ သုံးစွဲခဲ့သည်။ ၎င်းသင်္ဘောများအားလုံးကို ပစိဖိတ်သမုဒ္ဒရာဖြတ်သန်း Transpacific ခရီးစဉ်များတွင် သုံးစွဲသည်။

ယမန်နှစ် နှစ်လည်ပိုင်းတွင် Wan Hai က အာရှ-အမေရိကန်အရှေ့ကမ်းခြေ ခရီးစဉ် စတင်ပြေးဆွဲသည်။ အာရှ တောင်အမေရိက ခရီးစဉ်များလည်း စတင်ခဲ့သည်။

Wan Hai က ဂျပန်နိုင်ငံရှိ Nihon Shipyardနှင့် Japan Marine United တို့ထံမှာ သင်္ဘောအသစ် ၂၄ စီး တည်ဆောက်ပေးရန် မှာကြားထားရာ 3,013TEU အရွယ် ၁၂ စီးနှင့် 3,055TEU အရွယ် ၁၂ စီးဟု သိရသည်။ ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ရရှိမည်ဖြစ်သည်။
တောင်ကိုရီးယားရှိ Samsung Heavy Industries တွင် 13,100TEU နှင့် 13,000TEU အရွယ် သင်္ဘောများ စုစုပေါင်း ကိုးစီး နှင့် Hyundai Heavy Industries တွင် 13,200TEU အရွယ် သင်္ဘောများ ကိုးစီး တို့ကို မှာကြားထားပြီး ဖြစ်သည်။
တရုတ်နိုင်ငံရှိ CSSC Huangpu Wenchong Shipbuilding ထံတွင် မှာကြားထားသော 2,038TEU အရွယ် သင်္ဘော ၈ စီးကို ယခုမှ ၂၀၂၂ ခုနှစ်အတွင်း ရရှိမည်ဖြစ်သည်။


Source container-news.com

Read times
Rate this item
(1 Vote)