Containers

ONE နဲ့ Maersk သုံးလပတ် အမြတ်ပမာဏ ကြီးထွား

ONE နဲ့ Maersk တို့ရဲ့ သုံးလပတ် အစီရင်ခံစာတွေမှာ အမြတ်ပမာဏ ကြီးထွားခဲ့ကြောင်း ဖော်ပြထားပါတယ်။

ONE
Ocean Network Express (ONE) ကွန်တိန်နာလိုင်းက ၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမသုံးလမှာ အမြတ်တွေ တအားရခဲ့တာ ၁,၄၃၁ % တိုးခဲ့ကြောင်း သုံးလပတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဓိကအကြောင်းကတော့ ကွန်တိန်နာပို့ဆောင်ရေး ဈေးကွက် ဆက်တိုက်အားကောင်းနေခဲ့လို့ ဖြစ်ပါတယ်။
ONE ရဲ့ ဘဏ္ဍာရေးနှစ်က ၂၀၂၁ ဧပြီလ ၁ရက်မှာ စတင်ပြီး ၂၀၂၂ မတ်လ ၃၁ ရက်မှာ ပြီးဆုံးပါတယ်။
စင်ကာပူကွန်တိန်နာလိုင်း ONE က ဝင်ငွေ revenue လည်း သိသိသာသာ တိုးခဲ့တယ်။ EBIT ( earnings before interest and taxes) ဝင်ငွေတွေ၊ EBITDA (interest, taxes, depreciation, and amortisation ) ဝင်ငွေတွေလည်း တိုးခဲ့တယ်။ ဝင်ငွေ revenue က ၁၁၁% ၊ EBIT က ၉၉၈%၊ EBITDA က ၄၉၉% အသီးသီး တိုးခဲ့တယ်လို့ သုံးလပတ် အစီရင်ခံစာမှာ ဖော်ပြထားတယ်။
ယခင်နှစ် အလားတူ ကာလနဲ့ နှိုင်းယှဉ်ရင် ယခုနှစ်မှာ ပို့ဆောင်ပမာဏ ပိုများခဲ့တယ်။ ကမ္ဘာ့ကုန်သွယ်ရေးမှာ ကုန်စည်လိုအပ်ချက် အားကောင်းနေလို့ ဖြစ်ပါတယ်။ ယခင်နှစ် အလားတူကာလတုန်းက Covid-19 ကြောင့် တရုတ်နိုင်ငံမှာ ကုန်ထုတ်လုပ်မှု ပြန်နာလန်ထချိန်ဖြစ်လို့ ကုန်သွယ်ရေး ကျဆင်းနေခဲ့တယ်။
အဓိက ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်တဲ့ အာရှ-မြောက်အမေရိက ခရီးစဉ်တွေမှာတော့ ပို့ဆောင်ပမာဏ ကျဆင်းခဲ့တယ်။ ဆိပ်ကမ်းကျပ်စို့မှု၊ ဆိပ်ကမ်း စောင့်ဆိုင်းချိန် ကြာမြင့်မှုတို့ကြောင်း ခရီးစဉ်တွေ အချိန်နောက်ကျကုန်ပြီး ဖျက်သိမ်းခရီးစဉ် (blank sailing) တွေ ရှိခဲ့လို့ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် စတုတ္ထ သုံးလပတ်ကတည်းက စတင်လျော့ကျလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရေယာဉ်အသုံးချမှုကိုတော့ ရာနှုန်းပြည့် ဖြစ်အောင် ထိန်းထားနိုင်ခဲ့တယ်။
အာရှ-ဥရောပ ခရီးစဉ်တွေမှာတော့ ပို့ဆောင်ပမာဏနဲ့ ရေယာဉ်အသုံးချမှု နှစ်ရပ်စလုံး တိုးတက်ကောင်းမွန်ခဲ့တယ်။
လက်ရှိအခြေအနေအရ ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အခွန်ဆောင်ပြီး အမြတ် အမေရိကန်ဒေါ်လာ ၆ ဘီလျံ ရမယ်လို့ ခန့်မှန်းထားပါတယ်။


Maersk
Maersk ရဲ့ ဘဏ္ဍာရေးနှစ်က ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင်ပြီး ဒီဇင်ဘာလ ၃၁ ရက်မှာ အဆုံးသတ်ပါတယ်။
ယခုထုတ်ပြန်တဲ့ သုံးလပတ် အစီရင်ခံစာက ဒုတိယ သုံးလပတ်အတွက် ဖြစ်ပါတယ်။

A.P. Møller – Mærsk က ဒုတိယသုံးလပတ်မှာ လုပ်ဆောင်ရည် ကောင်းခဲ့လို့ တတိယသုံးလပတ်မှာလည်း ဆက်လက်အားကောင်းနေမယ်လို့ ကြိုတင်ခန့်မှန်းထားပါတယ်။

Maersk က ကမ္ဘာ့အကြီးဆုံး ကွန်တန်နာလိုင်း ဖြစ်ပြီး တစ်နှစ်တာ EBITDA ဝင်ငွေကို အမေရိကန်ဒေါ်လာ ၁၈ မှ ၁၉ ဒသမ ၅ ဘီလျံအထိ ရှိမယ်လို့ ကြိုတင်ခန့်မှန်းထားပါတယ်။ မူလက EBITDA ဝင်ငွေကို အမေရိကန်ဒေါ်လာ ၁၃ မှ ၁၅ ဘီလျံအထိ ရှိမယ်လို့ ကြိုတင်ခန့်မှန်းထားကို တိုးမြှင့်ပြီး ပြင်ဆင်လိုက်တာ ဖြစ်ပါတယ်။
ဒုတိယ သုံးလပတ် EBITDA အမေရိကန်ဒေါ်လာ ၅ ဒသမ ၁ ဘီလျံ ရရှိခဲ့ပါတယ်။ တတိယသုံးလပတ် ဝင်ငွေက ဒုတိယသုံးလပတ်ထက် ပိုများမယ်လို့ ခန့်မှန်းထားပါတယ်။


Drewry
ဗြိတိန်မှ အတိုင်ပင်ခံလုပ်ငန်း Drewry က ကွန်တိန်နာသင်္ဘောလိုင်း လုပ်ငန်းကဏ္ဍတစ်ခုလုံးအနေဖြင့် ၂၀၂၁ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၈၀ ဘီလျံ အမြတ်ထွက်မယ်လို့ ခန့်မှန်းထားပါတယ်။ ယခင်က ၃၅ ဘီလျံလို့ ခန့်မှန်းထားတာကို တိုးမြှင့်ပြီး ပြင်ဆင်ခန့်မှန်းလိုက်တာ ဖြစ်ပါတယ်။

Read times
Rate this item
(1 Vote)