ကုန်ပစ္စည်းများကို သင်္ဘောတင်ပို့ရာတွင် အောက်ပါ ထောက်ပံ့ပို့ဆောင်ဆိုင်ရာ လုပ်ငန်း လိုအပ်ချက် များကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်-
• ကုန်ပစ္စည်းများကို ထုပ်ပိုးခြင်းနှင့် ကုန်သေတ္တာအတွင်းထည့်သွင်းခြင်း
• သင်္ဘောတင်ညွန်ကြားချက် ထုတ်ပြန်ခြင်း
• ကုန်ပစ္စည်းကိုအမှတ်တံဆိပ်ကပ်ခြင်းနှင့် အမှတ်အသားပြုခြင်း
• သယ်ယူပို့ဆောင်မည့်လမ်းကြောင်းရွေးချယ်ခြင်း
• ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုပေးသူကို လုပ်ငန်းအပ်နှံခြင်း
• ကုန်သွယ်မှုဆိုင်ရာ စည်းကမ်းချက် Incoterm ကို ရွေးချယ်ခြင်း
• သယ်ယူပို့ဆောင်မှုအတွက် အာမခံထားရှိခြင်း
• တင်ပို့သည့်ကုန်ပစ္စည်းအတွက် လက်ခံရရှိကြောင်း အထောက်အထား ရယူထားခြင်း
ထုပ်ပိုးခြင်း Packing
ကုန်ပစ္စည်းများကို ထုပ်ပိုးသည့်အခါကုန်ပစ္စည်း၏သဘာဝအပြင် သယ်ယူ ပို့ဆောင်မည့် လမ်းကြောင်း၊ လမ်းခရီးနှင့် ခရီးလမ်းဆုံးနေရာဒေသရှိ ရာသီဥတု အခြေအနေကို ထည့်သွင်းစဉ်းစားရန်လိုအပ်ပါသည်။ သယ်ယူပို့ဆောင်သည့် လမ်းကြောင်းနှင့် နည်းလမ်းတို့အပေါ် မူတည်၍ အထုပ်အပိုးများ၏ အလေးချိန်၊ အရွယ်အစားနှင့် ကြာရှည်ခံနိုင်မှုတို့ကိုလည်း စဉ်းစားသင့်ပါသည်။
ကုန်ပစ္စည်းတင်ပို့ သည့်အခါ လမ်းကြောင်းပေါ်တွင်ရှိသည့် စက်ကိရိယာ၊ သိုလှောင်ရုံ၊ လုပ်ငန်း ဆောင်ရွက်သူ၊ အလုပ်သမား စသည်တို့သည် အသုံးပြုထားသည့် ထုပ်ပိုးမှု အနေအထားကို ကိုင်တွယ် ဆောင်ရွက်နိုင်သည့်စွမ်းရည် ရှိရန်လိုအပ်ပါသည်။ ဥပမာ ပေ ၂၀ ကုန်သေတ္တာကိုသာ လက်ခံကိုင်တွယ်နိုင်သည့်ဆိပ်ကမ်းသို့ ပေ ၄၀ ကုန်သေတ္တာ တင်ပို့ရန်မသင့်ပါ။ ထို့အတူ ကားလမ်းဖြင့်တင်ပို့ပါက အလေးချိန် ကန့်သတ်ချက်၊ ရေတိမ်ပိုင်းဆိပ်ကမ်းများအတွက် သင်္ဘောရေစူး ကန့်သတ်ချက် စသည်တို့ကို ထည့်သွင်း စဉ်းစားရန် လိုအပ်ပါသည်။
ရာသီဥတုအခြေအနေကို စဉ်းစားရာတွင် တင်ပို့မည့်ကုန်ပစ္စည်းသည် လမ်းကြောင်း တစ်လျှောက်နှင့် ခရီးလမ်းဆုံးဒေသတို့တွင် တွေ့ကြုံရမည့် အပူချိန်၊ မိုးရွာသွန်းခြင်း၊ စိုထိုင်းမှု၊ ဖုန်မှုန့်၊ ပင်လယ် ဆားငံရေနှင့် ထိတွေ့မှုစသည့် ရာသီဥတု သက်ရောက်မှုများကို ခံနိုင်ရည်ရှိစေရေး သေချာစေရန် ဆောင်ရွက်သင့်ပါသည်။ အချို့သော ကုန်ပစ္စည်းများသည် အပူချိန်ကို တသမတ်တည်းချိန်ညှိထားရှိရန် လိုအပ်သည့်အတွက် အပူချိန်ကို စောင့်ကြည့်စစ်ဆေးနိုင်သည့် ကိရိယာပါဝင်သည့် ယာဉ်၊ အအေးခန်း ကုန်သေတ္တာများဖြင့် ပို့ဆောင်ကြပါသည်။ တင်ပို့လိုက်သည့် ကုန်ပစ္စည်းသည် လမ်းခရီးတွင် အကြိမ်ရေများစွာ တင်ခြင်း၊ ချခြင်းတို့ကိုဆောင်ရွက်ရန် လိုအပ်သည်ဟုယူဆ၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိပါက ကုန်ပစ္စည်း ပျက်စီး ဆုံးရှုံးမှု နည်းပါးနိုင်ပါသည်။
ကုန်သေတ္တာအသုံးပြုခြင်း Containerization
ကုန်သေတ္တာကို အသုံးပြုခြင်းမရှိပါက သယ်ယူပို့ဆောင်နေသည့် ကာလတွင် ကုန်စည်ပျက်စီးမှုကို ရှောင်ရှားနိုင်ရန်အတွက် သင်္ဘော ကုန်းပတ်ပေါ်တွင် တင်ဆောင်ခြင်းမပြုပဲ ကုန်ပေါက်အတွင်းတွင် ထည့်သွင်း ပို့ဆောင်သင့်ပါသည်။ ကုန်သေတ္တာအသုံးပြုခြင်းသည် ကုန်ပစ္စည်းကို ကိုင်တွယ်ရာတွင် ပိုမိုလွယ်ကူစေသည့် အပြင် ကာကွယ်မှုကိုလည်း ပိုမိုမြင့်မားစေပါသည်။ ကုန်သေတ္တာကို အသုံးပြုပါက ကုန်ကျစရိတ်ကို သက်သာစေရန် ကုန်စည် ထည့်သွင်းသည့်အခါ ကုန်သေတ္တာအတွင်းရှိ နေရာကို အတတ်နိုင်ဆုံး ပြည့်အောင်ဖြည့်သင့်ပါသည်။ ကုန်သေတ္တာဖြင့်တင်ဆောင်ပါက သင်္ဘောလိုင်းများသည် သင်္ဘောတင်ခကောက်ခံရာတွင် အလေးချိန်ဖြင့် ကောက်ခံခြင်း မဟုတ်ဘဲ ကုန်သေတ္တာ ပေါ်တွင်သာ အခြေခံ၍ ကောက်ခံခြင်းဖြစ်ပါသည်။
အစုစပ်ကုန်သေတ္တာဖြင့် တင်ပို့သည့်အခါ အမျိုးမျိုးသော ကုန်တင်ပို့သူများ၏ ပစ္စည်းများကိုစုစည်း၍ ကုန်သေတ္တာအတွင်း ထည့်သွင်းတင်ပို့ခြင်း ဖြစ်သည့်အတွက် အတွင်းပါကုန် ပစ္စည်း အချို့သည် အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းစဉ်တွင် အခက်အခဲ ကြုံတွေ့ရပါက ကျန်ရှိသည့် ကုန်ပစ္စည်းများမှာ နှောင့်နှေးကြန့်ကြာမှုများနှင့် တွေ့ကြုံရနိုင်ပါသည်။ ထို့အပြင် အရွယ်အစား သေးငယ်သော ကုန်ပစ္စည်းများတင်ပို့ရာတွင် ကုန်သေတ္တာ တစ်လုံးစာ ပြည့်သည်အထိ အခြားကုန်ပစ္စည်းများကို စောင့်ဆိုင်းနေရတတ်သည့် အတွက် တတ်နိုင်ပါက ကုန်သေတ္တာ တစ်လုံးစာဖြည့်သွင်းနိုင်သည့် ကုန်စည်ပမာဏကို အစီအမံရေးဆွဲပြီး ဆောင်ရွက်သင့်ပါသည်။ သတိပြုရမည့်အချက်တစ်ခုမှာ ကုန်သေတ္တာကို အသုံးပြုသော်လည်း ကုန်ပစ္စည်းသည် ကုန်သေတ္တာအတွင်းမှ ထုတ်ယူပြီးနောက် ဆက်လက်ရွေ့လျားရမည့်ခရီးစဉ်များ ရှိနေသည့်အတွက် သင့်တော် သည့် ထုပ်ပိုးမှုကို ဆောင်ရွက်ရန်ဖြစ်ပါသည်။
သင်္ဘောတင်ညွှန်ကြားချက်ပြုစုခြင်း Packing and shipping instructions
ကုန်ပစ္စည်းထုပ်ပိုးမှုနှင့် သင်္ဘောတင်ညွှန်ကြားချက်များသည် ကုန်ပစ္စည်းကို မည်သို့ထုပ်ပိုးသည်၊ မည်သို့သင်္ဘောတင်ဆောင်သည်၊ မည်သူ့ကို အသိပေး အကြောင်း ကြားရမည်ကို ပြသသော စာရွက်စာတမ်းများ ဖြစ်သည်။ ထုပ်ပိုးပုံနှင့် သင်္ဘောတင် ညွှန်ကြားချက်တို့သည် အသုံးပြုသည့် ကုန်သွယ်ရေး ဆိုင်ရာ စည်းကမ်းချက်များ နှင့်လည်း ဆက်စပ်နေသည်။ ထိုစာရွက်စာတမ်း များကို အသုံးပြုရာတွင် စံအဖြစ် သတ်မှတ်ထားသည့်အတိုင်း ရေးသားပြုစု သင့်သည်။
အမှတ်တံဆိပ်ကပ်ခြင်းနှင့် သင်္ဘောတင်အမှတ်အသားပြုခြင်း Labelling and shipping marks
ကြားလမ်းခရီးတွင် ကုန်ပစ္စည်းကုန် အလွယ်တကူခွဲခြားနိုင်ရန်နှင့် ကိုင်တွယ် ဆောင်ရွက်နိုင်ရန်အတွက် ကုန်တင်ပို့သူများသည် အထုပ်အပိုးများတွင် ရှင်းလင်းပြည့်စုံ သော အမှတ်အသား များကပ်ခြင်းနှင့် သင်္ဘောတင်အမှတ်အသားပြုခြင်းတို့ကို ဆောင်ရွက်ထားသင့်ပါသည်။ အဆိုပါအမှတ်အသားများတွင် အောက်ပါအချက်များ ပါဝင်သင့်သည်-
• ကုန်လက်ခံရယူသူ (consignee)
• ခရီးလမ်းဆုံး (destination)
• ကုန်ချဆိပ်ကမ်း (port of unloading)
• ကုန်အမှာစာအမှတ် (order number)
• အထုပ်အပိုးအမှတ် (case number)
အထုပ်အပိုးများတွင်ပါဝင်သည့်ပစ္စည်းများကို အမျိုးအမည် အသေးစိတ် ဖော်ပြထားပါက ခိုးဝှက်မှုကို အားပေးနိုင်သည့်အတွက် ဖော်ပြရန်မသင့်ပါ။
ReadMore - မြန်မာသင်္ဘောသား အများစုလိုက်ပါတဲ့ ကုန်တင်သင်္ဘော တရုတ်အရှေ့ကမ်းလွန်မှာ နစ်မြုပ်
Source : Shipping and Logistics