Local Industry

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၂) စတင်အသုံးပြုနိုင်ပြီ

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၂) စတင်အသုံးပြုနိုင်ပြီ google

မြန်မာနိုင်ငံ မြဝတီမြို့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဆက်သွယ်ထားသည့် မြဝတီ-မဲဆောက် ချစ်ကြည်ရေး တံတား အမှတ်(၂)တွင် ယခု အောက်တိုဘာ ၃ဝ ရက်က စတင်၍ ကုန်တင်ကားများ အသုံးပြုနေပြီဖြစ်ပါတယ်။

 

ယင်းတံတားတွင် ကုန်တင်ကားကြီးများဖြစ်သည့် ခြောက်ဘီးကား၊ ၁ဝ ဘီးကား၊ ၁၂ ဘီးကား၊ ၁၈ ဘီးကား၊ ၂၂ ဘီးကားများနှင့် ခရီးသည်တင်ကား (၁၃ ဦးဆံ့ကားမှ စ၍)ကို ဖြတ်သန်းခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။

 

တံတားအသစ် အသုံးပြုခွင့် စတင်လိုက်သည့်အတွက် ယခင်ကအသုံးပြုနေသည့် မြဝတီ-မဲဆောက် အမှတ် (၁) တံတားတွင် အောက်တိုဘာ ၃ဝ ရက်ကစတင်၍ အိမ်စီးကားများကိုသာ ဖြတ်သန်းခွင့်ပြုတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက ကြေညာထားခဲ့ပါတယ်။

 

ယင်းတံတားကိုဖြတ်သန်း၍ ထိုင်းနိုင်ငံမှ ကုန်တင်ကားများသည် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းအထိ ဝင်ရောက်နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ကုန်တင်ကားများသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လန်ချဘန်ဆိပ်ကမ်းအထိ သွားရောက်နိုင်မည်ဖြစ်ပါတယ်။

 

''တစ်ဖက်နိုင်ငံထဲ ဝင်ရောက်ကုန်သွယ်ခွင့်ရပြီဆိုပေမဲ့ သတ်မှတ်ထားတဲ့လမ်းကြောင်းအတိုင်းပဲ မောင်းနှင်ရမှာပါ။ သတ်မှတ်မထားတဲ့ နေရာတွေကို ဝင်လို့မရပါဘူး။ အရင်က နယ်စပ်မှာ ကုန်ပစ္စည်းတွေကို ကားပြောင်းသယ်ရတာပါ။ အခုက ကားပြောင်းသယ်စရာမလိုဘဲ တစ်ဖက်နိုင်ငံအထိ သယ်ဆောင်ခွင့်ရရှိမှာပါ''ဟု မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်များအသင်း အလုပ်အမှုဆောင် ဦးမျိုးထွဋ်အောင်က ပြောပါတယ်။

 

နယ်စပ်ဖြတ်ကျော်လိုင်စင် လျှောက်ထားမည့် ကုန်ကားယာဉ်မောင်းသည် ကုန်တင်ကားနှင့်တွဲလျက် လိုင်စင်လျှောက်ရမည်ဖြစ်ပြီး ယာဉ်မောင်းတွင် လိုင်စင်အနီရရှိပြီးဖြစ်ရန် လိုအပ်ကြောင်း ၄င်းက ဆိုပါတယ်။လက်ရှိတွင် အသင်းဝင်ကုမ္ပဏီလေးခုခန့်က နယ်စပ်ဖြတ်ကျော်လိုင်စင်များ လျှောက်ထားပြီးဖြစ်ကြောင်း ဦးမျိုးထွဋ်အောင်က ပြောခဲ့ပါတယ်။

 

''တံတားအသုံးပြုလို့ရပြီဆိုရင် ကုန်သွယ်မှုတွေ ပိုမိုမြန်ဆန်လာမှာပါ။ ဒါပေမဲ့ မြန်လာတာနဲ့ တိုးတက်လာတာနဲ့ကတော့ မတူဘူးပေါ့။ ကုန်သွယ်မှုတွေ တိုးတက်လာမလားဆိုတာကတော့ အချိန်နည်းနည်းကြာမှ သိရမှာပါပဲ။ ကားတွေကျပ်တာကတော့ အဆင်ပြေသွားမှာပါ။ အစိုးရကတော့ အွန်လိုင်းစနစ်တွေကို ပို့ဆောင်ရေးတွေ စနစ်ကျအောင်၊ တိကျမှန်ကန်အောင်တော့ ဆောင်ရွက်နေပါတယ်''ဟု မြဝတီနယ်စပ် ကုန်သွယ်ရေး အသင်းဥက္ကဌ ဒေါ်သင်းသင်းမြတ်က ပြောပါတယ်။

 

မြဝတီ-မဲဆောက် အမှတ်(၂) ချစ်ကြည်ရေးတံတားကို တည်ဆောက်ရန် ကွင်းဆင်းစစ်ဆေးမှုများကို ၂ဝ၁၂ ခုနှစ် မေလအတွင်းက ပြုလုပ်ခဲ့ပါတယ်။ ၂ဝ၁၅ ခုနှစ် သြဂုတ်လက တံတားပန္နက်ချအခမ်းအနားကို ကျင်းပခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ခဲ့ပါတယ်။ ယင်းအခမ်းအနားတွင် ဒုတိယသမ္မတဦးဥာဏ်ထွန်းက တံတားဖွင့်လှစ်ပြီးပါက ကုန်သွယ်မှု နှစ်ဆတိုးမြင့်လာရန် မျှော်မှန်းထားကြောင်း ပြောကြားခဲ့ပါတယ်။ ၂ဝ၁၈-၁၉ ဘဏ္ဍာနှစ် သြဂုတ်လအထိ နှစ်နိုင်ငံ မြဝတီနယ်စပ်ကုန်သွယ်စခန်းမှ ကုန်သွယ်မှုတန်ဖိုးမှာ ကန်ဒေါ်လာ ၈၇၉ ဒသမ ၂၃၉ သန်းရှိခဲ့ပါတယ်။

 

တံတားတည်ဆောက်မှု ကုန်ကျစရိတ်မှာ ထိုင်းဘတ်ငွေ လေးဘီလျံခန့်ရှိပြီး ထိုင်းနိုင်ငံအစိုးရ၏အကူအညီဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တံတားအရှည်မှာ ၂၇ဝ မီတာရှိကာ မြန်မာဘက်ခြမ်းတွင် ချဉ်းကပ်လမ်း ၃ ဒသမ ၆ ကီလိုမီတာအရှည်ရှိပြီး ထိုင်းဘက်ခြမ်းတွင် ချဉ်းကပ်လမ်း ၁၇ ဒသမ ၂၅ ကီလိုမီတာ အရှည်ရှိခဲ့ပါတယ်။

 

ယင်းတံတားသည် ဗီယက်နမ်-လာအို-ထိုင်း-မြန်မာ တို့ကို ဆက်သွယ်ပေးထားသည့် အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးပေါ်တွင် တည်ရှိပါတယ်။ မြဝတီ- မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားကို ၁၉၉၇ ခုနှစ် သြဂုတ် ၁၅ ရက်က ဖွင့်လှစ်ခဲ့ပါတယ်။

 

Source : Myanmar time

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)