Local Industry

Doing Business ညွှန်းကိန်းအဆင့် ပြန်လည်လျော့ကျမည်

Doing Business ညွှန်းကိန်းအဆင့် ပြန်လည်လျော့ကျမည် google

လာမည့်နှစ်တွင် ကမ္ဘာ့ ဘဏ် စီးပွားရေးလုပ်ကိုင်ရလွယ် ကူမှုညွှန်းကိန်း (Doing Business) အဆင့်ပြန်လည်လျော့ကျ မည်ကို စိုးရိမ်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောခဲ့သည်။

 

ကြိုးနီစနစ်များ ရှိနေသောအစိုးရ၏ လုပ်ထုံးလုပ်နည်းများစွာ ဖြေလျှော့ရေး ဆောင်ရွက်ရာတွင် တွန်းအားများစွာဖြင့် လုပ်ဆောင်ခဲ့ရသည်ဟု ဦးအောင်ထူးကဆိုသည်။ Doing Business ညွှန်းကိန်း အဆင့်တက်ရေးတွင် အစိုးရ၏ လုပ်ထုံးလုပ်နည်းဖြေလျှော့ရေးက အဓိကကျသည်။

 

၂၀၂၀ အတွက် ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် Doing Business ညွှန်းကိန်းတွင် မြန်မာနိုင်ငံ က အဆင့်ခြောက်ဆင့် မြင့်တက်သော်လည်း အာဆီယံအဖွဲ့အတွင်း အနိမ့်ဆုံးဖြစ်နေသည်။ ၂၀၁၉ အစီရင်ခံစာတွင် ညွှန်းကိန်းအဆင့် (၁၇၁)မှ ၂၀၂၀ တွင် (၁၆၅)သို့ မြင့်တက်လာခြင်းဖြစ်သည်။

 

‘‘ဒီနှစ်မှာလည်း ဖြေလျှော့မှု တွေ လုပ်ဆောင်ဖို့ အဖွဲ့ ၁၀ ဖွဲ့စလုံးကို မနည်းတိုက်တွန်းခဲ့ရ တယ်’’ဟု Doing Business Ranking တိုးတက်ရေးလုပ်ငန်း အဖွဲ့တွင်လည်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဦးအောင်ထူးကရှင်းပြသည်။ ‘‘ဟိုဟာလျှော့ပါ၊ ဒီဟာလျှော့ပါနဲ့ မနည်းတိုက်တွန်းလိုက်ရတယ်။ လာမယ့်နှစ်မှာ ဒီအဆင့်ထက် လျော့သွားမှာ စိုးရိမ်တယ်’’ဟု နိုဝင်ဘာ ၁ ရက်က သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက ရှင်းပြသည်။

 

ကမ္ဘာ့ဘဏ်၏ စီးပွားရေး လုပ်ကိုင်ရလွယ်ကူမှု ညွှန်းကိန်း မြင့်တက်ရန် ဒုတိယသမ္မတ - ၁ ဦးမြင့်ဆွေက သုံးနှစ်အတွင်း အ ဆင့် (၁၀၀) အတွင်း ရောက်ရှိရန် ရည်မှန်းထားပြီး လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌအဖြစ် ဦးအောင်ထူးအား တာဝန်ပေးခြင်းဖြစ်သည်။

 

အစိုးရ၏ ဖြေလျှော့မှု လုပ် ဆောင်ခြင်းနှင့်ပတ်သက်၍ ဒုတိ ယဝန်ကြီးက ဥပမာပေးရှင်းပြရာ တွင် ဆောက်လုပ်ရေးခွင့်ပြုမိန့် နှင့်ပတ်သက်၍ ယခင်က ခွင့်ပြုမိန့်တစ်ခုရရှိရန် ၉၅ ရက်ခန့် အချိန်ကြာပြီး လက်ရှိတွင် ၃၅ ရက် သို့ လျှော့ချနိုင်ကြောင်း ရှင်းပြသည်။

 

ထို့အပြင် စီးပွားရေးလုပ်ငန်း တစ်ခု စတင်ခြင်းနှင့်ပတ်သက်၍ သက်ဆိုင်သော အစိုးရဌာနတစ်ခုဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ ဖြေလျှော့ပေးမှုကိုလည်း ရှင်းပြသည်။ ကုမ္ပဏီများမှတ်ပုံတင် ကြေးကို ကျပ် ၁၀ သိန်းမှ ကျပ်တစ်သိန်းကျော်အထိ အဆင့်ဆင့်လျှော့ချခဲ့ခြင်းကို အဓိကထားပြီး ရှင်းပြခြင်းဖြစ်သည်။

 

မကြာမီက ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် စီးပွားရေးလုပ် ကိုင်ရလွယ်ကူမှုညွှန်းကိန်း (Doing Business) ၌ ကုန်သွယ်ရေး ကဏ္ဍအဆင့် သတ်မှတ်ချက်ယခင်နှစ်အဆင့်အတိုင်းသာ ရှိသဖြင့် အရှက်ရကြောင်း ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောကြားထားသည်။ မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးလုပ်ငန်းများက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအောက်တွင် ရှိနေသည်။

 

Doing Business ညွှန်းကိန်း အဆင့်သတ်မှတ်ရာတွင် နံပါတ် (၁)က အကောင်းဆုံးဖြစ်ပြီး ၂၀၂၀ တွင် နယူးဇီလန်နိုင်ငံက ရပ်တည်နေသည်။ ထို့ကြောင့် ညွှန်းကိန်းအဆင့်မြင့်တက်ရေးအ တွက် မြန်မာနိုင်ငံအနေဖြင့် နယူး ဇီလန်နိုင်ငံမှ အကူအညီများ ရယူ ရန် စီစဉ်နေကြောင်း ဒုတိယဝန် ကြီး ဦးအောင်ထူးက ပြောသည်။

 

နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်များက နိုင်ငံတစ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည်ဆိုပါက ကမ္ဘာ့ ဘဏ်၏ Doing Business ညွှန်း ကိန်းအဆင့်ကို ဦးစွာလေ့လာ လေ့ရှိကြောင်း စီးပွားရေးလုပ်ငန်း ရှင်အချို့ကပြောသည်။

 

Source : 7 Day Daily

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)

Related items