ကမ္ဘာ့ရေနံဈေး ၅၆ ဒေါ်လာအထက်တွင် ဆက်ရှိနေပြီး ပြည်တွင်း စက်သုံးဆီဈေးနှုန်းများ တစ်ပတ်ကျော်အတွင်း တစ်လီတာ ၁၀ ကျပ်မှ ကျပ် ၂၀ အထိ ပြန်လည် မြင့်တက်ခဲ့ကြောင်း စက်သုံးဆီ အရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော ဈေးနှုန်းများအရ သိရသည်။
ကမ္ဘာ့ရေနံဈေးနှုန်းသည် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၇၆ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။ ထို့နောက် ရေနံဈေးနှုန်းများ ပြန်လည်ကျဆင်းခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်တွင် ၄၂ ဒေါ်လာဝန်းကျင်အထိ ရောက်ခဲ့သည်။ ၂၀၁၉ ခုနစ် ဧပြီ ၂၃ ရက်တွင် ၆၆ ဒေါ်လာအထိ ပြန်တက်ခဲ့သည်။ ထို့နောက် ဇွန် ၁၂ ရက် တွင် ၅၁ ဒေါ်လာအထိ ကျဆင်းခဲ့ပြီး ဇူလိုင် ၁၀ ရက်တွင် ဒေါ်လာ ၆၀ အထက် ပြန်ရောက်ခဲ့ကာ သြဂုတ် ၇ ရက်တွင် ၅၁ ဒေါ်လာအထိ ပြန်ကျခဲ့သည်။ စက်တင်ဘာ ၃ ရက်တွင် ၅၃ ဒေါ်လာဝန်းကျင်အထိ ကျဆင်းခဲ့ပြီး စက်တင်ဘာ ၁၆ ရက်တွင် ၆၂ ဒေါ်လာဝန်းကျင်အထိ မြင့်တက်ခဲ့ကာ နိုဝင်ဘာ ၅ ရက်တွင် ၅၇ ဒေါ်လာ၊ နိုဝင်ဘာ ၁၃ ရက်တွင် ၅၆ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။
နိုဝင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ ပြည်တွင်း စက်သုံးဆီဆိုင်အချို့တွင် ရောင်းချခဲ့သော ဈေးနှုန်းမှာ ဒီဇယ် တစ်လီတာ ၉၆၀ ကျပ် (တစ်ဂါလန် ၄၃၆၄ ကျပ်)၊ ပရီမီယံဒီဇယ် တစ်လီတာ ၉၇၀ ကျပ် (တစ်ဂါလန် ၄၄၀၉ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၈၇၀ ကျပ် (တစ်ဂါလန် ၃၉၅၅ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၉၆၅ ကျပ် (တစ်ဂါလန် ၄၃၈၇ ကျပ်) ဖြစ်ပြီး နိုဝင်ဘာ ၅ ရက်တွင် ဖြစ်ပေါ်ခဲ့သော ဈေးနှင့်နှိုင်းယှဉ်ပါက ပြည်တွင်း စက်သုံးဆီဈေးနှုန်းများ တစ်လီတာ ကျပ် ၁၀ မှ ကျပ် ၂၀ အထိ ပြန်လည် မြင့်တက်ခဲ့သည်။
ပြည်တွင်း စက်သုံးဆီဈေးသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလဆန်းမှ မေလကုန်ပိုင်းအထိ ခြောက်လနီးပါးအတွင်း တစ်လီတာ ကျပ် ၁၆၀ မှ ၂၅၅ ကျပ်အထိ ဆက်တိုက် မြင့်တက်ခဲ့ပြီး စက်သုံးဆီ အမျိုးအစားအလိုက် ၁၈ ရာခိုင်နှုန်းကျော်မှ ၃၆ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့သည်။ ထို့နောက် ကမ္ဘာ့ရေနံဈေး ကျဆင်းမှုကြောင့် မေ ၃၀ ရက်မှ ဇွန် ၂၁ ရက်တွင် စက်သုံး အမျိုးအစားအလိုက် ၁၁ ရာခိုင်နှုန်းကျော်မှ ၁၄ ရာခိုင်နှုန်းကျော်အထိ ပြန်လည်ကျဆင်းခဲ့သည်။
ဇွန် ၂၁ ရက်မှ ဇူလိုင် ၁၉ ရက်အထိ စက်သုံးဆီဈေးနှုန်းများ သုံးရာခိုင်နှုန်းကျော်မှ လေးရာခိုင်နှုန်းကျော်အထိ ပြန်တက်ခဲ့သည်။ ဇူလိုင် ၁၉ ရက်မှ သြဂုတ် ၁၀ ရက်အတွင်း သုံးရာခိုင်နှုန်းကျော် မှ ငါးရာခိုင်နှုန်းကျော်အထိ ဈေးနှုန်းများ ပြန်ကျလာပြီး သြဂုတ် ၁၅ ရက်မှ စက်တင်ဘာ ၂၅ ရက်အထိ ခုနစ် ရာခိုင်နှုန်းကျော်မှ ကိုးရာခိုင်နှုန်းနီးပါးအထိ ပြန်တက်လာခဲ့သည်။ စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၄ ရက်အထိ စက်သုံးဆီဈေးနှုန်း လေးရာခိုင်နှုန်းကျော် ပြန်လည်ကျဆင်းခဲ့ပြီး အောက်တိုဘာ ၉ ရက်မှ အောက်တိုဘာ ၂၅ ရက်အထိ လေးရာခိုင်နှုန်းကျော် စက်သုံးဆီဈေးနှုန်းများ ပြန်တက်လာခဲ့သည်။ အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ စက်သုံးဆီဈေးနှုန်းများ တစ်ရာခိုင်နှုန်းဝန်းကျင် ပြန်လည် ကျဆင်းခဲ့သည်။
ဒေါ်လာဈေးနှင့် ကမ္ဘာ့ရေနံဈေးနှုန်း အပြိုင်မြင့်တက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လမှ အောက်တိုဘာအထိ လေးလကျော်အတွင်း ပြည်တွင်းစက်သုံးဆီဈေးနှုန်း ၂၁ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး တစ်လီတာ စံချိန်တင် ဈေးနှုန်းများအနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။
၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် စံချိန်တင် ဈေးနှုန်းနောက်ပိုင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် အနိမ့်ဆုံးဈေးနှုန်းအဖြစ် ဒီဇယ်တစ်လီတာ ကျပ် ၈၅၀ (တစ်ဂါလန် ၃၈၅၉ ကျပ်) ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၈၅၅ (တစ်ဂါလန် ၃၈၈၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၆၇၀ ကျပ် (တစ်ဂါလန် ၃၀၄၁ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၇၃၀ ကျပ် (တစ်ဂါလန် ၃၃၁၄ ကျပ်) အထိ ကျဆင်းခဲ့သည်။
Source : Eleven