ဂွမြို့နှင့် မန်ကျည်းငူကျေးရွာသို့ ဆက်သွယ်မည့် ဂွချောင်းတံတား ပန္နက်တော်တင် အခမ်းအနားကို နိုဝင်ဘာ ၁၈ရက်နေ့ နံနက် ၈ နာရီက အဆိုပါ တံတားတည်ဆောက်မည့် ဂွမြို့ ကင်းရုံးရပ်ကွက် ဖောင်တော်ဆိပ်၌ ကျင်းပခဲ့ပါတယ်။
ဂွချောင်းဖြတ်ကူးတံတားကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၅၀၀ နှင့် ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၂၀၀၀ တို့ဖြင့် တံတားဦးစီးဌာန တံတားအထူး အဖွဲ့(၈)မှ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ပါတယ်။အဆိုပါ ဂွချောင်းကူးတံတားမှာ အရှည် ပေ ၁၃၂၀၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေနှင့် လူသွားလမ်း တစ်ဖက်လျှင် အကျယ် သုံးပေ စုစုပေါင်းတံတားအကျယ် ပေ ၃၀ ရှိကာ ရေလမ်းကင်းလွတ်အမြင့် ပေ ၂၀ နှင့် ရေလမ်းကင်းလွတ်အကျယ် ၈၅ ပေရှိမည် ဖြစ်ပါတယ်။
အဆိုပါ တံတား၏ ရက်မ၊ ကြမ်းခင်း၊ အောက်ထည်နှင့် ဘိုးပိုင်အားလုံးကို သံကူကွန်ကရစ်ဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး ယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန် ၇၅ တန် ဖြတ်သန်းသွားလာနိုင်မည့် တံတားတစ်စင်းဖြစ်ပါတယ်။အဆိုပါ ဂွချောင်းကူးတံတားသည် ဧရာဝတီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ ဆက်သွယ်ပေးမည့် လမ်းကြောင်းပေါ်တွင် ဒုတိယအရေးကြီးဆုံး တံတား တစ်စင်းဖြစ်ပြီး အဓိကအရေးကြီးဆုံး တံတားတစ်စင်း ဖြစ်သည့် ကျောက်ချွန်တံတားကိုလည်း ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါတယ်။
ဂွချောင်းကူးတံတား တည်ဆောက်ပြီးပါက ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ စီးပွားရေး၊ လူမှုရေး၊ ကူးသန်းရောင်းဝယ်ရေးအတွက် ဆက်သွယ်ရာတွင် လမ်းကြောင်းသစ်တစ်ခု တိုးတက်လာပြီဖြစ်၍ ဂွမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည် ဖြစ်ပါတယ်။ထို့ပြင် ဧရာဝတီတိုင်းဒေသကြီးမှတစ်ဆင့် ရခိုင် ပြည်နယ် ဂွမြို့နယ်ရှိ ကမ်းသာယာကမ်းခြေ၊ ကျိန္တလီ ကမ်းခြေ၊ ဂွကျွန်းနှင့် သံတွဲမြို့နယ် ငပလီကမ်းခြေများသို့ ကုန်းလမ်းခရီးလာရောက်နိုင်မည်ဖြစ်၍ ပြည်တွင်းပြည်ပ ခရီးသွားများ ပိုမိုဝင်ရောက်လာပြီး ရခိုင်ပြည်နယ်၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ပိုမိုအထောက်အကူပြုလာနိုင်မည့် တံတားတစ်စင်းလည်း ဖြစ်ကြောင်း သိရပါတယ်။
Source: Myanmaalinn