Local Industry

လုပ်ငန်ရှင်များအတွက် MYCO မှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်နိုင်သောကုမ္ပဏီများအကြောင်းသိကောင်းစရာ

လုပ်ငန်ရှင်များအတွက် MYCO မှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်နိုင်သောကုမ္ပဏီများအကြောင်းသိကောင်းစရာ google

မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ(၂၀၁၇)နှင့်အညီရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန တွင် ကုမ္ပဏီဖွဲ့စည်းတည်ထောင်မှုများ ဆောင်ရွက်နိုင်သည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အတွင်းရေးမှူးရုံးဖြစ် သည်နှင့် အညီ ရင်းနှီးမြှုပ်နှံမှုအဆိုပြုလွှာ လျှောက်ထားခြင်း လုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်နိုင်မည် ဖြစ်သည်။ကုမ္ပဏီသို့မဟုတ်အဖွဲ့အစည်းတစ်ခုသည်မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ နှင့် ၁၉၅၀ ခုနှစ်၊ အထူးကုမ္ပဏီအက်ဥပဒေနှင့် အညီ MYCO မှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်နိုင်ပါသည်။ MYCO မှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်နိုင်သောကုမ္ပဏီနှင့် အဖွဲ့အစည်းအမျိုးအစားများမှာ အောက်ပါ အတိုင်း ဖြစ်သည် −

 

- အစုအားဖြင့်တာဝန်ကန့်သတ်ထားသည့်အများနှင့် မသက်ဆိုင်သည့်ကုမ္ပဏီ၊
- အစုအားဖြင့်တာဝန်ကန့်သတ်ထားသည့်အများနှင့် သက်ဆိုင်သည့်ကုမ္ပဏီ၊
- ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့်ကုမ္ပဏီ၊
- တာဝန်ကန့်သတ်မထားသည့်ကုမ္ပဏီ၊
- စီးပွားရေးလုပ်ငန်းအသင်းအဖွဲ့၊
- ၁၉၅၀ ခုနှစ် အထူးကုမ္ပဏီအက်ဥပဒေအရ အစုအားဖြင့်တာဝန်ကန့်သတ်ထားသည့် အများနှင့် သက်ဆိုင်သည့်ကုမ္ပဏီ၊
- ၁၉၅၀ ခုနှစ် အထူးကုမ္ပဏီအက်ဥပဒေအရ အစုအားဖြင့်တာဝန်ကန့်သတ်ထားသည့်အများနှင့် မသက်ဆိုင်သည့်ကုမ္ပဏီ၊
- ပြည်ပကော်ပိုရေးရှင်း။

 

ကုမ္ပဏီများဖွဲ့စည်းတည်ထောင်ရန် ကုမ္ပဏီဆိုင်ရာသတင်းအချက်အလက်များကို ရင်းနှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသို့ ပေးပို့တင်ပြရန်၊ ကုမ္ပဏီသတင်းအချက်အလက်များ ရှာဖွေရန်နှင့် ၀ယ်ယူရန် အီလက်ထရောနစ်ကုမ္ပဏီမှတ်ပုံတင်စနစ် (MYCO) ကို အသုံးပြု နိုင်သည်။

 

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ ပြည်ပကော်ပိုရေးရှင်း သို့မဟုတ် အခြားနိုင်ငံခြားသား တစ်ဦးဦး သို့မဟုတ် ၎င်းတို့ပေါင်းစည်းလျက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ ပိုင်ဆိုင်မှု ပမာဏ ၃၅ရာခိုင်နှုန်းအထက် ပိုမိုသည့်ပိုင်ဆိုင်မှုအကျိုးခံစားခွင့်တစ်ရပ်ရှိသော ကုမ္ပဏီ တစ်ခု မှတ်ပုံတင်ခြင်းကို ဥပဒေနှင့်အညီ နိုင်ငံခြားကုမ္ပဏီတစ်ခုအဖြစ် မှတ်ပုံတင်ခြင်း ဆောင်ရွက် နိုင်မည်ဖြစ်သည်။ တနည်းအားဖြင့် ပြည်တွင်းကုမ္ပဏီများတွင် နိုင်ငံခြားပိုင်ဆိုင်မှုအကျိုးခံစား ခွင့် ၃၅ % နှင့်အောက် ပါဝင်နိုင်မည် ဖြစ်သည်။

 

ပြည်တွင်းနှင့် ပြည်ပနိုင်ငံခြားသား ရှယ်ယာရှင်များအကြား ရှယ်ယာလွှဲပြောင်းမှုများအား ကန့်သတ်ထားခြင်းမရှိသော်လည်း နိုင်ငံခြားကုမ္ပဏီအနေဖြင့် ပြောင်းလဲမှုတစ်စုံတရာ ပြုလုပ် ပါက DICA သို့ အသိပေးအကြောင်းကြားရန် လိုအပ်သည်။
မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ(၂၀၁၇) အရ ရှယ်ယာရှင်တစ်ဦး၊ ဒါရိုက်တာတစ်ဦးဖြင့် ကုမ္ပဏီများ ဖွဲ့စည်းမှတ်ပုံတင်နိုင်မည်ဖြစ်သည်။ ဤဥပဒေအရ ဖွဲ့စည်းသည့် ကုမ္ပဏီများတွင် အနည်းဆုံး ဒါရိုက်တာတစ်ဦးမှာ နိုင်ငံတော်အတွင်း “အများအားဖြင့်နေထိုင်သူ”တစ်ဦးဖြစ်ရန် လို အပ်ပါသည်။ ယင်းပုဂ္ဂိုလ်သည် ၁၂လ ကာလအတွင်း အနည်းဆုံး ၁၈၃ ရက် မြန်မာနိုင်ငံတွင် နေထိုင်ရန် လိုအပ်မည် ဖြစ်သည်။

 

ပြည်တွင်းတွင်နေထိုင်သည့်ကာလ ၁၈၃ ရက်ကိုကုမ္ပဏီ ဖွဲ့စည်းတည်ထောင်သည့်ရက်မှစ၍ (လက်ရှိဆောင်ရွက်နေသည့် ကုမ္ပဏီများသည် ဥပဒေအသစ် စတင်သည့် ရက်မှစ၍)ရေတွက်မည်ဖြစ်ပါသည်။ အများပိုင်ကုမ္ပဏီများသည် အနည်းဆုံးဒါရိုက် တာ ၃ ဦး ခန့်အပ်ရမည်ဖြစ်ပြီး ယင်းအနက် အနည်းဆုံးဒါရိုက်တာတစ်ဦးသည် မြန်မာနိုင်ငံတွင် အများအားဖြင့်နေထိုင်သူ မြန်မာနိုင်ငံသားတစ်ဦးဖြစ်ရန် လိုအပ်သည်။
ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းအတွက် အနည်းဆုံးမတည်ရင်းနှီးငွေအား ကန့်သတ်ထားခြင်း မရှိပါ။

 

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ကုမ္ပဏီများနှင့် မှတ်ပုံတင်ထားသောအဖွဲ့အစည်းများအားလုံးအတွက် အများနှင့်သက်ဆိုင်သော မှတ်ပုံတင်စနစ်တစ်ရပ်အနေဖြင့် အီလက်ထရောနစ် ကုမ္ပဏီ မှတ်ပုံတင်စနစ် (MYCO) ကို တည်ထောင် ထိန်းသိမ်းထားပါသည်။ MYCO မှတ်ပုံတင်စနစ်မှ သတင်းအချက်အလက်များကို အီလက်ထရောနစ်ဖြင့်ထိန်းသိမ်းထားပြီး၊ နေ့စဉ် ၂၄ နာရီပတ်လုံး အများပြည်သူ ၀င်ရောက် ကြည့်ရှု နိုင်သည်။

 

Source ; DICA

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)