Port News

အီရန်နှင့် တောင်ကိုရီးယားအကြား “ပိတ်ခံထားရသည့်ငွေကြေး”နှင့်”ထိန်းသိမ်းခံရေနံတင်သင်္ဘော”အရေး သဘောတူညီမှုမရရှိသေး

အီရန်နိုင်ငံ မြို့တော် တီဟီရန်သို့ သွားရောက်သည့် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပထမ ဒုတိယဝန်ကြီး Choi Jong-gunသည် ဇန်နဝါရီ ၁၁ ရက်က

အီရန် နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif ၊ ဗဟိုဘဏ်ဥက္ကဋ္ဌ Hemmatieနှင့် သီးခြားစီတွေ့ဆုံခဲ့ပြီး “အီရန်အထိန်းသိမ်းခံ တောင်ကိုရီးယား ရေနံတင်သင်္ဘော”၊ ”တောင်ကိုရီးယားရှိ အီရန် အပိတ်ခံငွေကြေး”နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ရာ လက်ရှိတွင် နှစ်ဖက်စလုံးက သဘောတူညီမှုမရရှိသေးကြောင်း သိရသည်။

ယင်းနေ့ဆွေးနွေးပွဲတွင် Zarif က တောင်ကိုရီးယားဘဏ်များသည် တောင်ကိုရီးယားရှိ အီရန်၏ငွေကြေးပိုင်ဆိုင်မှုကိုရယူရာတွင် ကန့်သတ်မှုများ နှစ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း၊ အီရန်ဘက်က ကာလကြာရှည် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ခဲ့သော်လည်း အချည်းနှီးဖြစ်ခဲ့ရကြောင်း၊ ၎င်းလုပ်ဆောင်ချက်သည် လက်ရှိ အီရန်-တောင်ကိုရီးယား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြီးမားဆုံးအတားအဆီးဖြစ်ကြောင်း၊ ကိုဗစ်ကပ်ရောဂါသည် ပြည်သူ့ကျန်းမာရေးနှင့် နိုင်ငံစီးပွားရေးကို သက်ရောက်မှုရှိနေခြင်းကြောင့် တောင်ကိုရီးယားအစိုးရအနေဖြင့် အဆိုပါအတားအဆီးကို အမြန်ဆုံးဖြေရှင်းပေးရန် တိုက်တွန်းကြောင်းပြောကြားခဲ့ကြောင်း အီရန် IRNA သတင်းများအရ သိရသည်။

တစ်ချိန်တည်းမှာပင် Zarifက တောင်ကိုရီးယားရေနံသင်္ဘောကို ဖမ်းဆီးထိန်းသိမ်းရခြင်းသည် သက်ဆိုင်ရာရေပြင်တွင် ပတ်ဝန်းကျင် ညစ်ညမ်းအောင် လုပ်ဆောင်ခြင်းကြောင့်ဖြစ်ကြောင်း၊ ၎င်းမှာ ဥပဒေမူဘောင်အတွင်းက ဖြေရှင်းခြင်းဖြစ်ကြောင်း ဆိုသည်။
ယင်းနေ့မနက်အစောပိုင်းက Hemmatieနှင့် နှစ်ဖက်တွေ့ဆုံဆွေးနွေးရာတွင် တောင်ကိုရီးယားရှိ အီရန်၏ ငွေကြေးပိုင်ဆိုင်မှုကို ပိတ်ဆို့ထားသည့် လုပ်ရပ်သည် လက်ခံနိုင်စရာမရှိကြောင်း ဆိုသည်။

တောင်ကိုရီးယား YONHAP သတင်းအေဂျင်စီ၏ ဖော်ပြချက်များအရ ဖမ်းဆီးထားသည့် ရေနံတင်သင်္ဘောနှင့် သင်္ဘောသားများကို အမြန်ဆုံးလွှတ်ပေးရန် Choi Jong-gunက တိုက်တွန်းပြောကြားခဲ့သလို သင်္ဘောသည် ပတ်ဝန်းကျင်ညစ်ညမ်းအောင် လုပ်ဆောင်သည်ဆိုသော အထောက်အထားကို အီရန်ပြရန် တောင်းဆိုထားကြောင်း သိရသည်။ တောင်ကိုရီးယား အမည်မဖော်လိုသည့် အရာရှိတစ်ဦး၏ ပြောကြားချက်များအရ အဆိုပါသင်္ဘောပေါ်တွင် သင်္ဘောသားစုစုပေါင်း (၂၀)ဦး ရှိပြီး တောင်ကိုရီယား၊ မြန်မာ၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံများမှဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ သင်္ဘောသားများ လုံခြုံ၍ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း ဆိုသည်။

ထို့အပြင် အီရန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး Araghchiက တောင်ကိုရီးယားအနေဖြင့် ရေနံတင်သင်္ဘော ထိန်းသိမ်းခံထားရသည့်ကိစ္စကို နိုင်ငံရေးအသွင်ပြုခြင်းကို ရှောင်ကြဉ်သင့်သည်ဟု ဇန်နဝါရီ ၁၀ ရက်က Choi Jong-gunနှင့်တွေ့ဆုံစဉ် ထည့်သွင်း ပြောကြားခဲ့သည်။
အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ဇန်နဝါရီ ၄ ရက်တွင် ပင်လယ်ကွေ့၌ တောင်ကိုရီးနိုင်ငံအလံတင်ထားသည့် ရေနံသင်္ဘောတစ်စီးကို အဏ္ဏဝါပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေစည်းမျဉ်းစည်းကမ်းများ ကြိမ်ဖန်များစွာ ချိုးဖောက်သည်ဟု ဆိုကာ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ယင်းလုပ်ဆောင်ချက်သည် တောင်ကိုရီးယားရှိ အီရန်ပိုင် ငွေကြေးများကို ပိတ်ဆို့ထားခြင်းနှင့်သက်ဆိုင်သည်ဟု ယူဆကြကြောင်း တောင်ကိုရီးယား မီဒီယာများကဆိုသည်။

၂၀၁၈ ခုနှစ် မေလတွင် အီရန်နျူကလီးယားဘက်စုံသဘောတူညီချက်မှ အမေရိကန်အစိုးရ တစ်ဖက်သတ်နုတ်ထွက်ခဲ့ပြီးနောက် အီရန်အပေါ် ပိတ်ဆို့မှုနှင့်ထပ်တိုးပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ အမေရိကန်၏ အီရန်အပေါ် ပိတ်ဆို့အရေးယူမှုကို တိုးချဲ့ခဲ့ခြင်းအတွက်ကြောင့် တောင်ကိုရီးယားရှိ ဘဏ်(၂)ခုက ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် အီရန်ပိုင် ငွေကြေးပမာဏ အမေရိကန်ဒေါ်လာ (၇)ဘီလီယံကို တားမြစ်ပိတ်ဆို့မှု ပြုလုပ်ခဲ့သည်။

အမေရိကန်၏ပိတ်ဆို့မှုကြောင့် တောင်ကိုရီးယားရှိ အီရန်ငွေကြေးပိုင်ဆိုင်မှုကို ပိတ်ဆို့ခြင်းမပြုရန် အီရန်ဘက်က ကြိမ်ဖန်များစွာ တောင်းဆိုခဲ့သည်။

တောင်ကိုရီးယားသည် အဓိပ္ပါယ်မရှိသည့်အကြောင်းပြချက်ဖြင့် အီရန်၏ငွေကြေးပိုင်ဆိုင်မှုကို ပိတ်ဆိုထားကြောင်း အီရန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။

(Xinhua)

Read times
Rate this item
(0 votes)