Transportation

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဆိုတာ

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အောက်ရှိ ဌာနကြီး (၁၈) ခုအနက် (၁) ခု အပါအဝင်ဖြစ်ပြီး ပင်လယ်ကူးသင်္ဘောကြီးများ၊ ကမ်းရိုး တန်းသွားသင်္ဘောများ၊ စက်လှေများနှင့် ပြည်တွင်းရေကြောင်းသွား စက်တပ်ရေယာဉ် များခုတ် မောင်းသွားလာရာတွင်

 

ရေယာဉ်၊ ရေကြောင်းခရီး သွားလုပ်သားပြည်သူများနှင့် ရေယာဉ်ပေါ် တွင် တင်ဆောင်သည့် ကုန်စည်များ ဘေးကင်းလုံခြုံရေးနှင့် သင်္ဘောများကြောင့် ပတ်ဝန်းကျင် ရေထု ညစ်ညမ်းမှုကာကွယ်တားဆီးရေးစသည့် ရည်ရွယ်ချက်များအား ဦးတည်၍ ဆောင်ရွက် လျက်ရှိသည့်အပြင် မြန်မာသင်္ဘောသားများ၏ ကျွမ်းကျင်မှုအရည်အချင်း တိုးတက်စေရန် လေ့ကျင့်သင်ကြားရေး၊ ကျွမ်းကျင်မှုလက်မှတ်များ ထုတ်ပေးရေးနှင့် အလုပ်နေရာရရှိစေရေးတို့ အတွက် အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ်(IMO)က သတ်မှတ်ပြဋ္ဌာန်းထားသော ကွန်ဗင်းရှင်းများနှင့်အညီ ရေကြောင်းဘက်ဆိုင်ရာမူဝါဒများရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဌာနဖြစ်ပါသည်။

 

နောက်ခံသမိုင်း

*************

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကို ဒုတိယကမ္ဘာစစ်ကြီးမဖြစ်ပွားမီ ၁၉၃၀ ခုနှစ်မှ စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ “ဆိပ်ကမ်းအရာရှိချုပ်ရုံး” (Principal Port Officer) ဟူ၍ လည်းကောင်း၊ စစ်ကြိုခေတ်တွင် “ရေကြောင်းအတိုင်ပင်ခံဝန်နှင့် အရာရှိချုပ်၊ ရေကြောင်း ဌာနခွဲ” (Nautical Adviser and Principal Officer, Mercantile Marine Department) ဟူ၍ လည်းကောင်း၊ ၁၉၅၉ ခုနှစ်တွင် “ရေကြောင်းအတိုင်ပင်ခံဝန်ဟူသော အမည်ကို ပယ်ဖျက်၍ “အရာရှိချုပ်၊ ရေကြောင်းဌာနခွဲ” (Principal Officer, Mercantile Marine Department) ဟူ၍ ခေါ်တွင်စေခဲ့ပြီး ၁၉၇၂ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့မှစ၍ ညွှန်ကြားရေးမှူးချုပ်၊ ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (Director General, Department of Marine Administra-tion) ဟူ၍ ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။

 

တည်နေရာ

***********

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)သည် အမှတ်၊ ၃၆၃/၄၂၁၊ သိမ်ဖြူလမ်းနှင့် ကုန်သည်လမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့နှင့် ရေကြောင်းဌာနခွဲ၊ ရေကြောင်း အင်ဂျင်နီယာဌာနခွဲ၊ ရေကြောင်းအန္တရာယ် ကင်းရှင်းရေး၊ လုံခြုံရေးနှင့် ပတ်ဝန်းကျင် ထိမ်းသိမ်း ရေးဌာနခွဲနှင့် သင်္ဘောသားဌာနခွဲများသည် ဒေါပုံသင်္ဘောကျင်း၊ ဒေါပုံသင်္ဘောကျင်းလမ်း၊ ဒေါပုံ မြို့နယ်၊ ရန်ကုန်မြို့ တို့တွင် တည်ရှိပါသည်။

 

မျှော်မှန်းချက်

************
မြန်မာနိုင်ငံ၏ ရေကြောင်းပို့ဆောင်ရေးကဏ္ဍသည် လုံခြုံမှုရှိြခင်း၊ အန္တရာယ်ကင်းရှင်းမှုရှိြခင်း၊ ရေထုညစ်ညမ်းမှု ကင်းရှင်းခြင်းတို့နှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ အဆင့်အတန်းတွင် မြင့်မားစွာရှိစေရေး။

 

ရည်မှန်းချက်များ

**************

(၁) မြန်မာမှတ်ပုံတင်သင်္ဘောများ၏ အန္တရာယ် လုံခြုံမှုအဆင့်အတန်း (Safety Standard) မြင့်မားမှုရှိစေရန်၊

(၂) မြန်မာသင်္ဘောသားများ၏ ကျွမ်းကျင်မှု (Competency) အဆင့်အတန်း မြင့်မားမှုရှိစေရန်၊

(၃) မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်ကို ရေကြောင်းကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်စေရန်၊

(၄) သင်္ဘောများကြောင့် မြန်မာ့ပင်လယ်ပြင်ညစ်ညမ်းမှု မရှိစေရန်၊

(၅) ပင်လယ်ပြင်ဒုက္ခရောက်သူများ၏ အသက်အန္တရာယ် လုံခြုံမှုရှိစေရန်၊

(၆) မြန်မာနိုင်ငံ၏ ရေကြောင်းသင်္ဘောနှင့် ဆိပ်ကမ်းများ လုံခြုံမှုရှိစေရန်။

 

လုပ်ငန်းစဉ်များ

*************

ရည်မှန်းချက်များ၊ မူဝါဒများ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အနေဖြင့် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(၁) မြန်မာနိုင်ငံ၏ ရေကြောင်းဘက်ဆိုင်ရာ ဥပဒေ စည်းမျဉ်း၊ စည်းကမ်းများအား ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်း၊ ပြဌာန်း ခြင်းနှင့် ကျင့်သုံးခြင်း၊

(၂ ) မြန်မာနိုင်ငံ၏ ရေကြောင်းဥပဒေဘက်ဆိုင်ရာ မူဝါဒများ နှင့်ပတ်သက်၍ အထက်အဖွဲ့အစည်းများသို့ ရေးဆွဲ အကြံပြုတင်ပြခြင်း၊

(၃) အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ် ၊ အဖွဲ့ဝင်နိုင်ငံ၏ တာဝန်များအား မြန်မာနိုင်ငံ၏ တာဝန်ခံဌာနအဖြစ် ဆောင်ရွက်ခြင်း၊

 

(၄) အာဆီယံနိုင်ငံများအတွင်း ရေကြောင်းဘက်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ တာဝန်ခံဌာနအဖြစ် ဆောင်ရွက်ခြင်း၊

(၅) ရေကြောင်းဘက်ဆိုင်ရာ ကျွမ်းကျင်မှု လက်မှတ်များအတွက် လေ့ကျင့်သင်ကြားမှု များအား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ကိုယ်စား ကြီးကြပ် ဆောင်ရွက်ခြင်း၊

(၆) ရေကြောင်းဘက်ဆိုင်ရာ ကျွမ်းကျင်မှုလက်မှတ်များနှင့် တတ်ကျွမ်းမှု အထောက် အထားလက်မှတ်များ ထုတ်ပေးနိုင်ရေးအတွက် စစ်ဆေးအကဲဖြတ်ခြင်း၊ လက်မှတ် များထုတ်ပေးခြင်းနှင့် ထုတ်ပေးထားသည့် လက်မှတ်များနှင့် ပတ်သက်၍ အတည်ပြုပြန်ကြားပေးခြင်း၊

(၇) ရေယာဉ်များအား တိုင်းတာစစ်ဆေးခြင်း နှင့် လက်မှတ်များ ထုတ်ပေးခြင်း၊

 

(၈) ရေယာဉ်မှတ်ပုံတင်ခြင်းနှင့်သက်ဆိုင်သော ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊

(၉) ရေကြောင်းဘက်ဆိုင်ရာ မတော်တဆဖြစ်စဉ် ဖြစ်ရပ်များနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးခြင်း၊ အထက်အဖွဲ့အစည်းများသို့ အစီရင်ခံတင်ပြခြင်း၊ အရေးယူ ဆောင်ရွက်ခြင်းနှင့် ရေယာဉ်များ၏ အငြင်းပွားမှု ဖြစ်စဉ်ဖြစ်ရပ်များအား ညှိနှိုင်း ဖြေရှင်းပေးခြင်း၊

(၁၀) မြန်မာနိုင်ငံ၏ ရေကြောင်းဘက်ဆိုင်ရာ အန္တရာယ်ကင်းရှင်းရေးနှင့် ရေကြောင်း သဘာဝပတ်ဝန်းကျင် ကာကွယ်ခြင်းဆိုင်ရာ ကိစ္စရပ်များအား စီမံဆောင်ရွက်ခြင်း၊

(၁၁) မြန်မာနိုင်ငံ၏ ရေကြောင်း၊ သင်္ဘောနှင့် ဆိပ်ကမ်းများဆိုင်ရာ လုံခြုံရေး ကိစ္စရပ် များအား စီမံဆောင်ရွက်ခြင်း၊

 

(၁၂) မြန်မာနိုင်ငံ၏ Port State, Flag State and Coastal State ဆိုင်ရာ ကိစ္စရပ်များ အားကြီးကြပ်ဆောင်ရွက်ခြင်း၊

(၁၃) ကမ်းခြေစောင့်အဖွဲ့အစည်း လုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ တာ ဝန်ခံဌာနအဖြစ် ဆောင်ရွက်ခြင်း၊

(၁၄) မှတ်ပုံတင် မြန်မာသင်္ဘောသားများနှင့် ရေယာဉ်ပိုင်ရှင်များအကြား ချုပ်ဆိုသည့် စာချုပ်ကိစ္စရပ်များနှင့် အလုပ်ရှင်/အလုပ်သမား စည်းကမ်းဆိုင်ရာ ကိစ္စရပ်များ အား ကြီးကြပ်ဆောင်ရွက်ခြင်း၊

(၁၅) မှတ်ပုံတင်မြန်မာသင်္ဘောသားများ နိုင်ငံခြားသင်္ဘောကုမ္ပဏီများသို့ သွားရောက် တာဝန်ထမ်းဆောင်ခြင်းနှင့်‌ ပတ်သက်သောဝန်ဆောင်မှု ကိစ္စရပ်များအား စီမံ ဆောင်ရွက်ခြင်းနှင့် မှတ်ပုံတင်မြန်မာသင်္ဘောသားများအား ခန့်ထားအသုံးပြုသည့် သင်္ဘောသားဝန်ဆောင်မှု နိုင်ငံခြားကုမ္ပဏီများနှင့် ပတ်သက်သော ကိစ္စရပ်များ အားကြီးကြပ်ဆောင်ရွက်ခြင်း၊

 

(၁၆) မြန်မာသင်္ဘောသားအဖြစ် မှတ်ပုံတင်ခြင်းကိစ္စနှင့် မှတ်ပုံတင်အထောက်အထား လက်မှတ်များ ထုတ်ပေးခြင်းများ ဆောင်ရွက်ခြင်း၊

(၁၇) မြန်မာနိုင်ငံ၏ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်းသွား ရေယာဉ်များအား လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များ ထုတ်ပေးခြင်း၊

(၁၈) မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်းသွား ရေယာဉ်များအား ရေကြောင်းအန္တရာယ် ကင်းရှင်းရေးအတွက် ကြီးကြပ်ခြင်း၊ ရေယာဉ်ဝန်ထမ်း များအား လေ့ကျင့်ပညာပေးခြင်း ကိစ္စရပ်များအား ဆောင်ရွက်ခြင်း။

 

ကျွမ်းကျင်မှုလက်မှတ် (CoC) နှင့် တတ်ကျွမ်းမှုလက်မှတ်(CoP)များအား All-in-One Booklet ဖြင့် ပြောင်းလဲထုတ်ပေး

***********************************************************************

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် ၂၁-၁၂-၂၀၁၅ ရက်နေ့မှ စ၍ 2010 STCW Convention နှင့်အညီ CoC နှင့် CoP လက်မှတ်များ အား (၅) နှစ် သက်တမ်းရှိသော All-in-one Booklet ပုံစံဖြင့် ပြောင်းလဲ ထုတ်ပေးခြင်းကို http://sseapplication.dmamyanmar.org ဖြင့် ဆောင်ရွက်ပေးလျှက်ရှိသည်-

သင်္ဘောသားများရာထူးအလိုက်ကိုင်ဆောင်ရသော လက်မှတ်အမျိုးအစား များစွာအား စုစည်း၍ တစ်အုပ်တည်းဖြင့် ထုတ်ပေးပြီး ကိုင်ဆောင်ထိန်းသိမ်းရမှု လွယ်ကူသက်သာစေရန်။

လက်မှတ်အမျိုးအစား တစ်ခုခြင်းအလိုက် သက်တမ်းမတူသဖြင့် သက်တမ်းတိုးရန် အတွက်ဌာန သို့ မကြာခဏ လာရောက်ဆက်သွယ် ဆောင်ရွက်ရခြင်း လျော့နည်းစေရန်။

ခေတ်နှင့်လျော်ညီပြီး လုံခြုံရေးစနစ်ပါရှိ၍ စစ်ဆေးရန် လွယ်ကူသဖြင့် အတုပြုလုပ် ကိုင်ဆောင် နိုင်ခြင်း လျော့ပါးစေရန်။

သင်္ဘောသားများပြည်ပကုမ္ပဏီများသို့သွားရောက်တာဝန်ထမ်းဆောင်ခြင်း (Departure) နှင့်သင်္ဘောသားများ ပြည်ပကုမ္ပဏီများမှ တာဝန်ထမ်းဆောင်ပြီး၍ ပြန်လည်ရောက်ရှိခြင်း (Arrival) ကို ဌာနသို့ အသိပေးခြင်းတို့ကို Online System ဖြင့် ပြောင်းလဲဆောင်ရွက် လျက်ရှိ သည်။

 

ဖွဲ့စည်းပုံနှင့်ဝန်ထမ်းအင်အား

**************************

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဖွဲ့စည်းပုံကို အရာထမ်း ၂၀၀ ဦး၊ အမှုထမ်း ၂၅၀၀ ဦး၊ စုစုပေါင်း ၂၇၀၀ ဦးဖြင့် ဖွဲ့စည်းထားပြီး အောက်ဖော်ပြပါ ဌာနခွဲများဖြင့် ရည်မှန်းချက် တာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်-

(၁) ဥပဒေနှင့်နည်းပညာစံများ ဌာနခွဲ

(၂) ရေကြောင်းအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနခွဲ

(၃) ရေကြောင်းဌာနခွဲ

 

(၄) ရေကြောင်းအင်ဂျင်နီယာဌာနခွဲ

(၅) စီမံရေးဌာနခွဲ

(၆) ရေကြောင်းလုပ်ငန်းဌာနခွဲ

 

(၇) သင်္ဘောသားဌာနခွဲ

(၈) ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ ( အထက်မြန်မာပြည် )

(၉) ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ ( အောက်မြန်မာပြည် )

 

Transcom News Journal

Read times
Rate this item
(2 votes)