Transportation

တနင်္သာရီတိုင်းဒေသကြီးမှ တခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ခရီးသည်တင်ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲ

တနင်္သာရီတိုင်းဒေသကြီးမှ တခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ခရီးသည်တင်ယာဉ်လိုင်းများ ရပ်နားထားရာမှ တရားဝင် ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း သိရသည်။

ကိုဗစ်ကပ်ရောဂါ အခြေအနေများကြောင့် ရပ်နားထားရသည့် ခရီးသည်တင်ယာဉ်လိုင်းများကို နိုဝင်ဘာ ၁၅ ရက်မှစတင် ပြန်လည်ပြေးဆွဲရန် လမ်းညွှန်ချက်ရရှိကြောင်း ပုဂ္ဂလိကယာဉ်လိုင်းများ ပြေးဆွဲရေး ကော်မတီမှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Express ကားကြီးများတွင် ခရီးသည်များ တရားဝင်တင်ဆောင်ခြင်းမရှိဘဲ ကုန်များသာ တင်ဆောင်နေရာမှ ယခုအခါ ၅၀ ရာခိုင်နှုန်း ခရီးသည်တင်ဆောင်ခွင့် ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လမ်းညွှန်ချက်အရ ပြန်လည်ပြေးဆွဲပေးတာပါ။ လက်ရှိမှာရောဂါတွေလည်း ကျဆင်းလာနေပြီ။ နိုဝင်ဘာ ၁၄ ရက်နေ့မှာ ညွှန်ကြားချက်ရခဲ့တယ် ၁၅ ရက်မှစတင်ပြီး ပြန်လည်ပြေးဆွဲဖို့ပါ၊ ခရီးသည် ၅၀ ရာခိုင်နှုန်းနှင့် ပြေးဆွဲဖို့၊ လိုက်နာရမယ့် စည်းကမ်းချက်တွေကို ထုတ်ပေးလိုက်တယ်။ သာရေးနာရေးကိစ္စများ၊ အရေးပေါ်ကိစ္စများဖြစ်လာပါက ပြည်သူတွေသွားလာနိုင်ဖို့ စီစဉ်ပေးခြင်းဖြစ်တယ်၊လက်ရှိမှာလောင်စာဆီတွေလည်း စျေးတက်နေတော့ ရန်ကုန် - မြိတ်ကိုခရီးသည်တစ်ဦး ကျပ်ငါးသောင်း ၊ ထားဝယ်နှင့် မြိတ်ကို သုံးသောင်းနှင့် ပြေးဆွဲပေးနေပါတယ်” ဟု မြို့နယ်ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီအတွင်း ရေးမှူးဦးမိုးကျော်သူက ပြောကြားသည်။

ကားလိုင်းများပိတ်ထားစဉ်က သွားလာနေသည့်ခရီးသည်များမှာ နာခေါင်းတို့ဖတ်ယူပြီး သွားလာနေခဲ့ရကြောင်း လက်ရှိအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်အခြားဖြစ်သည့် မလွဲတောင်ကျန်းမာရေး စစ်ဆေးချက်တချို့ကို ဖြေလျော့ပေးထားကြောင်း သိရသည်။

“တရားဝင်စာထုတ်တာကတော့ နိုဝင်ဘာ ၁၅ မှာထုတ်တယ်။ ခရီးသည် ၅၀ ရာခိုင်နှုန်းနှင့် ပြေးဆွဲဖို့၊ ကိုဗစ်စည်းကမ်းချက်အတိုင်း ပြေးဆွဲဖို့ ညွှန်ကြားထားပါတယ် ၊ယာဉ်စီးခနှုန်းထားတွေက ရန်ကုန်-မြိတ်ခရီးသည် တစ်ဦးကို ၅၀၀၀၀ ကျပ်ယူပါတယ်၊ခရီးသည် ထိုင်ခုံနှစ်ခုံကို တစ်ဦးပဲတင်လို့ရတယ်၊လမ်းက စစ်ဆေးရေးဂိတ်တွေမှာ ကိုဗစ်ကာကွယ်ဆေး ထိုးထားပြီးသားဆိုရင် ပေးဖြတ်ပါတယ်၊ ကျွန်တော်တို့ ဖြစ်စေချင်တာကတော့ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသားရော မထိုးထားသေးတဲ့သူတွေကိုပါ သွားလာနိုင်ဖို့ညွှန်ကြားစာ ထုတ်ပေးစေချင်တယ်၊ တရားဝင်ညွှန်ကြားစာမရသေးပါဘူး။ ယခင်ကမြိတ်ကနေ ရန်ကုန်ကိုသွားရင် နေ့ချင်းရောက်သွားလို့ရတယ်။ အခုက အချိန်ကန့်သတ်ချက်ရှိတော့ လမ်းမှာညအိပ်ခရီး သွားလာနေရတယ်” ဟု မိုးကောင်းကင် ယာဉ်လိုင်းတာဝန်ခံ ဦးသိန်းဝင်းက ပြောကြားသည်။

ကပ်ရောဂါ အခြေအနေများ ကျဆင်းလာနေပြီဖြစ်သည့်အတွက် ဖြေလျော့ပေးမှုများ လုပ်ဆောင်စေချင်ကြောင်း မြိတ်မြို့နယ် အထွက်စစ်ဆေးရေးဂိတ်များတွင် ကျန်းမာရေးစစ်ဆေးချက်များ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

မြိတ်မှရန်ကုန်သို့ ယာဉ်လိုင်းများပြေးဆွဲရာတွင် မနက်ပိုင်းနှင့် ညနေပိုင်းများ၌ မြိတ်မှစတင်ထွက်ခွာပြီး မနက်ပိုင်းထွက်ခွာသည့်ကားများမှာ မွန်ပြည်နယ်တွင် တစ်ညအိပ်ရပ်နားပြီး ညနေပိုင်းထွက်ခွာသည့်ကားများမှာ ထားဝယ်တွင် ညအိပ်ရပ်နားရကြောင်း သိရသည်။

ခရီးသည်တင်ယာဉ်လိုင်းများ ပြေးဆွဲရာတွင် မြိတ်အခြေစိုက်ပြေးဆွဲနေသည့် ကားငယ်ယာဉ်လိုင်း ၃၅ လိုင်းနှင့် ကားကြီးယာဉ်လိုင်း ၁၅ လိုင်းရှိကြောင်း သိရသည်။

 

news-eleven.com

Read times
Rate this item
(0 votes)