Transportation

တရုတ်နိုင်ငံ လာရင်းမြို့တွင် မြန်မာနိုင်ငံဘက်မှ ကုန်တင်ကားအစီး ၄၀၀ ကျော် လနှင့်ချီပိတ်မိနေ

ကချင်ပြည်နယ် လွယ်ဂျယ်ဂိတ်အဝင် တရုတ်နိုင်ငံလာရင်းမြို့တွင် မြန်မာနိုင်ငံဘက်မှ ကုန်တင်ကားအစီး ၄၀၀ ကျော် လချီပိတ်မိနေပြီး

ယင်းကုန်တင်ကားများအား မြန်မာနိုင်ငံအတွင်းသို့ အမြန်ဆုံးယူဆောင်ခွင့်ရရန် ပိုင်ရှင်များက တောင်းဆိုထားကြောင်း သိရသည်။

ကိုဗစ်တတိယလှိုင်း ဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံဘက်က ဇူလိုင် ၆ ရက်မှ စတင်ကာ ကုန်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်ကာ နယ်စပ်ထွက်ပေါက်အားလုံးကို ပိတ်ထားခဲ့မှုကြောင့် ယနေ့အချိန်အထိ ပိတ်မိနေဆဲဖြစ်ကြောင်း ဗန်းမော်ယာဉ်မောင်းများ ပရဟိတ လူမှုကူညီရေးအသင်း နာယက ဦးသန်းဇော်လတ်က ဆိုသည်။

၎င်းက “အစီးရေက ၄၁၀ နဲ့ ၄၁၅ စီး လောက်ရှိမယ်။ ကိုဗစ်ကြောင့် ရုတ်တရက် ပိတ်ချပစ်လိုက်တာ။ လူပဲဝင်လာခဲ့ရတယ်။ကားတွေအားလုံး ပစ္စည်းချတဲ့နေရာ၊ ကုန်တင်တဲ့နေရာမှာ ပစ်ချထားခဲ့ရတာ။ နေရာစုံပဲ။ပစ်ထားခဲ့ရတာ။ ဒီနေ့အထိ စက်တစ်ခါမှ မနှိုးရသေးတော့ ဘက်ထရီပျက်မယ်။ ကားဘီး၊ ဘော်ဒီ၊ တချို့စက်ပါ ပြန်ကိုင်ရမယ့် အခြေအနေပဲ။ ထားခဲ့ရတာက မြန်မာနိုင်ငံနဲ့ ခြံစည်းရိုးခြားလေးပဲ။ အခွင့်မပေးတော့ ဘယ်သူမှ ဝင်လို့မရဘူး။ တချို့က ရှိတာပေါင်၊ ရောင်းဝယ်ထားတဲ့သူက ဘဝပျက်ပြီလေ။ အခုက အမြန်ဆုံးသယ်ယူနိုင်ဖို့ လက်ရှိပြည်နယ် အစိုးရဝန်ကြီးချုပ်ကိုလည်း တိုက်ရိုက်ပြောထားကြတယ်။ ဘယ်အခြေအနေလဲ မသိရသေးဘူး။ ပြည်ထောင်စုအဆင့်ကို လုပ်မှရတော့မှာ။ ခရိုင်အုပ်ချုပ်ရေးအဆင့်နဲ့ နှစ်ဖက်စလုံးကို ပြောထားပြီးလည်း အဆင်မပြေဘူး” ဟု ပြောကြားသည်။

တရုတ်နိုင်ငံမှကားများ ကချင်ပြည်နယ်အတွင်း ဝင်ခွင့်တောင်းမှုကြောင့် နယ်စပ်ဂိတ်ဖွင့်နိုင်ရေး ကြန့်ကြာနေကြောင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ကချင်ပြည်နယ် ကုန်သည်ကြီးများအသင်းနှင့် သီးနှံစိုက်ပျိုးထုတ်လုပ်သူများ အသင်းတို့က တရုတ်နိုင်ငံ ပေါင်ရှင်းပြည်နယ်ခွဲအစိုးရအဖွဲ့နှင့် သုံးကြိမ်တိုင် ဆွေးနွေးခဲ့သော်လည်း အောင်မြင်ခဲ့သည့်အခြေအနေ မရှိသေးကြောင်း ကချင်ပြည်နယ် သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းက နိုဝင်ဘာပထမပတ်အတွင်းက ပြောကြားသည်။

ဗန်းမော်မြို့မှ ကားပိုင်ရှင်တစ်ဦးက “ကျွန်တော်တို့ ကြားတာတော့ ကားတွေက ဘက်ထရီဖြုတ်တာ။ နောက်အဖိုးတန်တဲ့ဟာတွေ ဖြုတ်ယူတာတွေ ဖြစ်ကုန်တယ်လို့ တရုတ်မိတ်ဆွေတွေက ပြောလာတယ်။ ကားတွေက ပျက်တာတွေ များကုန်ပြီ။ ဒီအတိုင်းပဲ ရောက်တဲ့နေရာ ပစ်ထားခဲ့ရတာလေ။ တရုတ်က အခုနယ်စပ်မှာ စစ်သား၊ ရဲပဲစောင့်ခိုင်းပြီး နယ်စပ်နေရာကို ကျင်းအနက်ကြီးတူး၊ သံဆူးလိမ်၊ ဘလိတပ် ဓားဆူးလိမ်တွေ အထပ်ထပ်ခတ်တာ။ လွယ်ဂျယ်ဟိုဘက်က လိုင်းရင်းရွာဆိုရင်လည်း ရင်ကျန်းမြို့ကို အားလုံးပြောင်းခိုင်းတယ်။ မြန်မာနိုင်ငံသားဆိုရင် ယွမ်နှစ်ထောင်ပေးပြီး မြန်မာပြည်ပြန်လွှတ်တာပဲ။ အခု နိုဝင်ဘာ ၁၈ ရက်၊ ၁၉ ရက်ပေးမယ်ဆိုပေမဲ့ သူတို့ဘက် ရောဂါတွေ့လို့တဲ့ ဘာမှအကြောင်းမပြန်ဘူး” ဟု ပြောကြားသည်။

ကချင်ပြည်နယ်တွင် COVID-19 ကူးစက်မှု မြင့်မားလာမှုကြောင့် ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်တွင် ပိတ်ထားခဲ့သည့် ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရန် စက်တင်ဘာလဆန်းပိုင်းမှ စတင်ကာ နှစ်ဖက်အစိုးရနှင့် ကုန်သည်ကြီးများက ကြိုးပမ်းလာခဲ့သည်။ တရုတ်နိုင်ငံ အစိုးရဘက်က COVID-19 ကူးစက်မှုကို ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် မြစ်ကြီးနားနှင့် ၀ိုင်းမော်မြို့နယ်အတွက် ပေါင်းရှန်းပြည်နယ်အစိုးရက လူဦးရေ ၇၅၂၀၀ အတွက် ကာကွယ်ဆေး လှူဒါန်းထားကြောင်း၊ စက်တင်ဘာ ၁၄ ရက်က ကန်ပိုင်တည်နယ်စပ်ဂိတ်မှတစ်ဆင့် ရောက်ရှိလာကြောင်း၊ ၁၆ ရက်မှစတင်ကာ ထိုးနှံနေကြောင်း၊ အုပ်စု ၂၃ စုကို အဓိကထားပြီး စုဖွဲ့အလုပ်သမားများ၊ စစ်ဘေးရှောင်များ၊ ကုန်စုံဆိုင်များ၊ အသက် ၄၀ နှင့်အထက်အုပ်စုများ ပါဝင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ နုကျန်းပြည်နယ်ခွဲမှ ဆေးအလုံးရေ နှစ်သိန်း(လူတစ်သိန်းစာ အတွက်) စက်တင်ဘာလအတွင်း ဖီမော်ဂိတ်မှ တင်သွင်းကာ ချီဖွေမြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံသည့် လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း ကချင်ပြည်နယ်ကျန်းမာရေးဌာနမှ သိရသည်။

ကန်ပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းသည် မြစ်ကြီးနားမြို့နှင့် ၈၅ မိုင်ကွာဝေးပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပေါက်ဆန်းခရိုင် ထိန်ချုံးမြို့နယ်နှင့်ထိစပ်နေပြီး ထိန်ချုံးမြို့နှင့် ၅၁ မိုင်ကွာဝေးကြောင်း သိရသည်။ လွယ်ဂျယ်နယ်စပ်ဂိတ်မှာ ဗန်းမော်မြို့မှ ၅၆ မိုင် ၄ ဖာလုံအကွာတွင်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ လုံချွမ်ခရိုင် ကျန်းဖုန်းမြို့နယ် လိုင်းရင်းကျေးရွာနှင့်ထိစပ်နေသည့် နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည်။

တရုတ်နိုင်ငံနှင့် ကချင်ပြည်နယ်တို့ တရားဝင် အဓိကဆက်သွယ်သည့်ဝင်ပေါက်မှာ ကန်ပိုင်တည်ဝင်ပေါက်နှင့် လွယ်ဂျယ်ဝင်ပေါက်၊ ပန်ဝါဝင်ပေါက်တို့ကို အဓိကအသုံးပြုနေသည်။ ထို့ပြင် လိုက်ဇာ၊ မန်ဝိန်းကြီး ဝင်ပေါက်များကိုလည်း အသုံးပြုနေကြောင်း သိရသည်။

news-eleven.com

 

Read times
Rate this item
(0 votes)