အီတလီသင်္ဘောလိုင်း MSC က ခရီးသည်တင် လေကြောင်းလိုင်း ပြေးဆွဲမည်
အီတလီ ရေကြောင်းပို့ေဆာင်ေရး လုပ်ငန်းရှင်ကြီးက ခရီသည်တင် လေကြောင်းလုပ်ငန်းကို ရဲရဲဝံ့ဝံ့ဖြင့် လုပ်ကိုင်မှာ ဖြစ်ပါတယ်။
သင်္ဘောတစ်စီးဖြင့် ပြေးဆွဲခဲ့ရာမှာ ကမ္ဘာအကြီးမားဆုံး ရေကြောင်းပို့ဆောင်ရေး ကုမ္ပဏီအဖြစ် ရောက်ရှိသူ အီတလီ ဘီလျံနာက သက်တမ်း ၇၅ နှစ်ရှိပြီး တစ်နှစ်သာ အမြတ်ရခဲ့တဲ့ လေကြောင်းလိုင်းတစ်ခုကို သူ ကယ်တင်နိုင်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်ထားတယ်။
MSC လို့ အတိုကောက်အားဖြင့် လူသိများတဲ့ Mediterranean Shipping Co ရဲ့ ပဲ့ကိုင် Gianluigi Aponte က ဂျာမနီမှ လေကြောင်းလိုင်း Deutsche Lufthansa AG နှင့် အတူ အီတလီ လေကြောင်းလိုင်း Alitalia ကို ရယူထားတဲ့ ITA Airways (Italia Trasporto Aereo S.p.A.) ကို ဝယ်ယူမှာ ဖြစ်ပါတယ်။
နိုင်ငံပိုင် လေကြောင်းလိုင်း ITA Airways က အီတလီရဲ့ နိုင်ငံဂုဏ်ဆောင် လုပ်ငန်းဖြစ်ပြီး အရှုံးပြနေလို့ အစိုးရမှ ယူရို ဘီလျံချီ စိုက်ထုတ်ပြီး ကယ်တင်ထားပါတယ်။
MSC က ကွန်တိန်နာသင်္ဘော အမြောက်အမြားထံမှ ကြီးကြီးမားမား ရရှိထားတဲ့ အမြတ်များထဲမှ အချို့အဝက်ကို သုံးစွဲပြီး ITA ကို လုပ်ကိုင်ဖို့ MSC ထူထောင်သူ အသက် ၈၁ နှစ်ရှိ Aponte က ဆုံးဖြတ်ခဲ့ပါတယ်။
အီတလီလေကြောင်းပို့ဆောင်ရေးကဏ္ဍမှာ အမြတ်ရအောင် သူ့လုပ်ငန်းက လုပ်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
အီတလီလေကြောင်းပို့ဆောင်ရေး ဈေးကွက်မှာ စရိတ်နည်း လေကြောင်းလိုင်းများ ဖြစ်ကြတဲ့
Ryanair Plc နှင့် Wizz Air Holdings Plc တို့ကို ပြိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။
MSC က ရေကြောင်းကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှု ပေးတဲ့ လုပ်ငန်းဖြစ်တာကြောင့် လေကြောင်းကုန်စည် ပို့ဆောင်ရေးကို ချဲ့ထွင် လုပ်ကိုင်ဖို့ ကုန်တင်လေယာဉ် ပြေးဆွဲသင့်တာ မှန်ပေမဲ့ ခရီးသည်တင်လေကြောင်းလိုင်းကို ပြေးဆွဲမှာ ဖြစ်နေလို့ အံ့အားသင့်ကြတယ်။ တကယ်တော့ MSC မှာ ခရီးသွားလုပ်ငန်းသင်္ဘောလိုင်း cruise-line လုပ်ငန်း ရှိနေပါတယ်။ အပျော်ခရီး သင်္ဘောစီးပြီး ထွက်တဲ့ ခရီးသည်တွေကို လေကြောင်းဖြင့် ဆိပ်ကမ်းမြို့များသို့ ပို့ဆောင်နိုင်ပါတယ်။
MSC က ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာလိုင်း အဖြစ်သို့ မကြာသေးခင်ကမှ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီကို ဂျနီဗာမြို့မှ အခြေစိုက်ပြီး ၁၉၇၀ ခုနှစ်မှာ သင်္ဘောတစ်စီးတည်းဖြင့် စတင်ခဲ့ပါတယ်။ ယခုအခါမှာ အစီး ၆၃၈ စီးဖြင့် ပြေးဆွဲနေပါတယ်။
သင်္ဘောလုပ်ငန်းကြီးတွေဖြစ်တဲ့ A.P. Moller-Maersk A/S နဲ့ CMA-CGM Group တို့က ကုန်တင်လေယာဉ်များဖြင့် လေကြောင်းကုန်စည် ပို့ဆောင်ရေးကို တိုးချဲ့ လုပ်ကိုင်ခဲ့ကြတယ်။ လောဂျစ္စတစ်ကို ဖြည့်သွင်းရေးကွင်းဆက်မှာ အစမှ အဆုံးတိုင် ဝန်ဆောင်မှု အမျိုးမျိုး ပေးအပ်တယ်။ ကိုယ်ထည်ကျယ်တဲ့ ကုန်တင်လေယာဉ်တွေ ဝယ်ယူပြီး ပျံသန်းကြတယ်။ ခရီးသည် လေကြောင်းလိုင်း ဝယ်ယူတဲ့အထိတော့ မချဲ့ထွင်ကြဘူး။
MSC က ITA Airways ရဲ့ ခရီးသည်တင် လေယာဉ်များရဲ့ ဝမ်းဗိုက်မှ ကုန်စည်အခန်းကို အသုံးပြုပြီး လေကြောင်းကုန်စည် ပို့ဆောင်ရေးကို ဝန်ဆောင်မှု ပေးမှာ ဖြစ်ပါတယ်။ဥရောပ- အမေရိကန်၊ ဉရောပ-အာရှ ခရီးဝေးခရီးစဉ်များ long-haul routes ပြေးဆွဲမှာဖြစ်ကြောင်း ပြောကြားပါတယ်။
Gianluigi Aponte က MSC ရဲ့ဉက္ကဋ္ဌ အဖြစ် ဆက်ရှိနေသော်လည်း၂၀၁၄ ခုနှစ်ကတည်းက သားဖြစ်သူ Diego လက်ထဲ ကုမ္ပဏီကို ထည့်ထားပါတယ်။
Gianluigi Aponte က ဆွစ်ဇာလန်နိုင်ငံမှာ နေထိုင်ပြီး သူ့ရဲ့ အသားတင်တန်ဖိုးက အမေရိကန်ဒေါ်လာ ၁၀.၃ ဘီလျံ ရှိပါတယ်။
်