Airbus က အကြီးစား ကုန်တင်လေယာဉ် Beluga ဖြင့် လေကြောင်းကုန်စည်ပို့ဆောင်ရေး စတင်
လေယာဉ်ပျံများ ထုတ်လုပ်တဲ့ Airbus က ကုမ္ပဏီအတွက် အရွယ်အစား ကြီးမားတဲ့ လေယာဉ်အစိတ်အပိုင်းများ ပို့ဆောင်ရန် အသုံးပြုဖို့ ထားရှိတဲ့ အကြီးစား ကုန်တင်လေယာဉ် Beluga ဂျက်လေယာဉ်များကို ကြီးမားတဲ့ အရွယ်အစားရှိတဲ့ လေကြောင်း ကုန်စည်များ သယ်ဆောင်ဖို့အတွက် လောဂျစ္စတစ် ကုမ္ပဏီများကို ဝန်ဆောင်မှု ပေးအပ်မှာ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဝန်ဆောင်မှုလုပ်ငန်းသစ် Airbus Beluga Transport က အာကာသ၊ စွမ်းအင်၊ စစ်ရေး၊ ရေကြောင်း၊ လေကြောင်း၊ လူမှုရေးအကူအညီ စတာတွေအတွက် ကြီးမားတဲ့ လေကြောင်း ကုန်စည်များ ပို့ဆောင်ရေးအတွက် ဝန်ဆောင်မှု ပေးအပ်မှာ ဖြစ်ပါတယ်။
ကုန်တင်လေယာဉ်တွေထဲမှာ အတွင်းပိုင်း အကျယ်ဆုံး ဖြစ်တဲ့ Beluga ဟာ ကြီးမားလေးလံတဲ့ ကုန်စည်များသယ်ဆောင်ပေးနိုင်ပါတယ်။ အကျယ် ၂၃.၂ ပေ (၇.၁ မီတာ)၊ အမြင့် ၂၂ ပေ (၆.၇ မီတာ) အရွယ်အစားအထိ ဝင်ဆန့်ပါတယ်။ လေယာဉ် မဆန့်လို့ အစိတ်အပိုင်းများ ဖြုတ်ပြီး သယ်ဆောင်ဖို့ မလိုပဲ တစ်လုံးတစ်ခဲတည်း သယ်ပို့ပေးမှာ ဖြစ်ပါတယ်။ ဖြုတ်ရ ပြန်တပ်ဆင်ရ အချိန်ကုန် ငွေကုန် သက်သာစေတဲ့အပြင် ဖြုတ်တာတပ်တာကြောင့် ထိခိုက်ပျက်စီးမယ့်အရေးကိုလည်း ကင်းဝေးစေမှာ ဖြစ်ပါတယ်။
သတ္တုတွင်းသုံး ယန္တရားများ၊ မီးစက်ကြီးများ၊ ထရပ်ကားများ၊ ဂြိုဟ်တုများ၊ ကရိန်းများ အစရှိတဲ့ ဝန်ကျယ်ပြီး လေးလံတဲ့ ကုန်စည်များကို အဆင်ပြေပြေ ပို့ဆောင်ပေးနိုင်ပါတယ်.
လေယာဉ်ပျံများ ထုတ်လုပ်တဲ့ Airbus က အကြီးစား ကုန်တင်လေယာဉ် Beluga ST ၅ စီးကို Beluga XL အသစ် ၆ စီးဖြင့် အစားထိုးပါတယ်။
Airbus က လေယာဉ်အသစ်နဲ့ အစားထိုးလို့ အနားပေးရတော့မယ့် ကုန်တင်လေယာဉ် Beluga ST ၅ စီးကို လေကြောင်းပို့ဆောင်ရေး ဝန်ဆောင်မှု ပေးဖို့ Airbus Beluga Transport ကို ထူထောင် လုပ်ကိုင်တာ ဖြစ်ပါတယ်။
Airbus Beluga Transport က မိခင်လုပ်ငန်း Airbus ထံမှ Beluga XL တစ်စီးကို လိုအပ်တဲ့အခါ ယူသုံးမှာ ဖြစ်ပါတယ်။ Beluga XL က အများဆုံး ကုန်အလေးချိန် ၄၈.၅ တန် အထိ တင်နိုင်ပြီး Beluga ST က အများဆုံးကုန်အလေးချိန် ၄၄ တန်အထိ တင်ဆောင်နိုင်ပါတယ်။
နိုင်ငံတကာဈေးကွက်ကို ဝင်ရောက်လုပ်ကိုင်ဖို့အတွက် ကုန်တင်ကုန်ချလုပ်ဖို့ လေဆိပ်မှာ စက်ကိရိယာ မရှိခဲ့ရင် လေယာဉ်မှာ တပ်ဆင်ပေးထားတဲ့ ကုန်တင်ကုန်ချ အလိုအလျောက် စက်ကိရိယာကို သုံးစွဲနိုင်အောင် စီစဉ်ထားပါတယ်။
ပထမဆုံး ပို့ဆောင်ရေး ကန်ထရိုက်ကို ၂၀၂၁ နှစ်ကုန်ပိုင်းမှာ ဆောင်ရွက်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ Marignane မှာ တည်ရှိတဲ့ Airbus Helicopters စက်ရုံမှ ရဟတ်ယာဉ်ကို ဂျပန်နိုင်ငံ Kobe သို့ ပို့ဆောင်ပေးခဲ့ပါတယ်။ လမ်းခရီးမျာ ပိုလန်နိုင်ငံ Warsaw မြို့ ၊ ရုရှားနိုင်ငံ Novosibirsk မြို့နှင့် တောင်ကိုရီးယားနိုင်ငံ Seoul မြို့တို့မှာ ဆီဝင်ဖြည့်ခဲ့ပါတယ်။
Airbus က လေယာဉ်အစိတ်အပိုင်းများ ဖြစ်တဲ့ ဆီတိုင်ကီအပိုင်း၊ တောင်ပံအပိုင်း၊ အမြီးပိုင်းတို့ကို အပြီးသတ် တပ်ဆင်ထုတ်လုပ်တဲ့ စက်ရုံဆီသို့ လေကြောင်းဖြင့် သယ်ဆောင်ရန်အတွက် Beluga ကုန်တင်လေယာဉ်ကြီးများကို အသုံးပြုပါတယ်။ A320 လေယာဉ်အမျိုးမျိုး၊ ကိုယ်ထည်ကျယ်တဲ့ A330 နှင့် A350 လေယာဉ်များရဲ့ အပိုင်းများ ဖြစ်ပါတယ်။
Beluga ကို ဈေးကွက်ထဲ ယှဉ်နိုင်တဲ့ ကုန်တင်လေယာဉ်က Antonov An-124 ဖြစ်ပါတယ်။ လေယာဉ် အတွင်းပိုင်း ကုန်ခန်း အကျယ်အဝန်းမှာ Beluga ကို ပိုကျယ်ဝန်းပြီး သယ်ဆောင်နိုင်တဲ့ အလေးချိန်မှာတော့ Antonovရဲ့ ကုန်တင်လေယာဉ်တွေက သာပါတယ်။
ယူကရိန်း အခြေစိုက် Antonov Airlines က Antonov An-124 ကုန်တင်လေယာဉ် ၇ စီး ပြေးဆွဲလျက် ရှိပါတယ်။ ထို့ပြင် An-225 တစ်စီးလည်း သုံးစွဲပါတယ်။
An-124 တွေက ကုန်တန်ချိန် ၁၂၀ မှ ၁၅၀ အထိ သယ်ဆောင်နိုင်ပါတယ်။ An-225 က ကုန်တန်ချိန် ၂၂၅ တန်အထိ တင်ဆောင်နိုင်ပါတယ်။ ကုန်တင်ကုန်ချအတွက် လေယာဉ်မှာ ကရိန်းများ တပ်ဆင်ပေးထားပါတယ်။