Transportation

စစ်တကောင်း-အီတလီ တိုက်ရိုက်ကွန်တိန်နာ‌ရေ‌ကြောင်းခရီးစဉ် စတင်

စစ်တကောင်း-အီတလီ တိုက်ရိုက်ကွန်တိန်နာ‌ရေ‌ကြောင်းခရီးစဉ် စတင်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း Chattogram ဆိပ်ကမ်းနှင့် အီတလီမှ ဆိပ်ကမ်းတို့အကြား ကွန်တိန်နာသင်္ဘောဖြင့် တိုက်ရိုက်ခရီးစဉ် ပြေးဆွဲခြင်း စတင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှ ဥရောပသို့ ပို့ကုန်များအတွက် အချိန် ပိုမြန်ပြီး ဈေးနှုန်းလည်း ပိုသက်သာမယ်လို့ သိရပါတယ်။

လိုင်ဘေရီယံအလံ မှတ်ပုံတင်ထားတဲ့ ကွန်တိန်နာသင်္ဘော Songa Cheetah က အီတလီဆိပ်ကမ်းRavenna မှာ ကုန်တင်ပြီး ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ထွက်ခွာခဲ့ပြီး စစ်တကောင်း ဆိပ်ကမ်းသို့ ဖေဖော်ဝါရီလ ၅ ရက်မှာ ဆိုက်ရောက်မှာ ဖြစ်ပါတယ်။
အီတလီသို့ အပြန်ခရီးမှာ ၁,၁၀၀TEU (twenty-foot equivalent unit) ဝန်းကျင် ပမာဏရှိတဲ့ ဘင်္ဂလားဒေ့ရှ် ပို့ကုန်များကို တင်ဆောင်သွားမှာဖြစ်ပြီး ပို့ကုန်အားလုံးနီးပါး အထည်ချုပ်လုပ်ငန်းများမှ တင်ပို့တဲ့ အော်ဒါချုပ်ထည်တွေ ဖြစ်ပါတယ်။

အီတလီသင်္ဘောလိုင်းတစ်ခုက စစ်တကောင်းဆိပ်ကမ်းကို အသုံးပြုလို့ရတဲ့ အရွယ်အစား အငယ်စား ကွန်တိန်နာသင်္ဘော နှစ်စီးဖြင့် အီတလီ-ဘင်္ဂလားဒေ့ရှ် ခရီးစဉ်ကို ပုံမှန်ပြေးဆွဲဖို့ ရည်ရွယ်ချက် ရှိပါတယ်။ Songa Cheetah ဖြင့် အဦးဆုံးခရီးစဉ်ကို စမ်းသပ်ပြေးဆွဲကြည့်တာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှ ပို့ကုန် ချုပ်ထည်အများစုက ဥရောပသို့ တင်ပို့ရပါတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်မှ ဥရောပသို့ တိုက်ရိုက်ကွန်တိန်နာ ခရီးစဉ် မရှိခဲ့ပါဘူး။ အဓိကအကြောင်းရင်းက စစ်တကောင်းဆိပ်ကမ်းကို ကွန်တိန်နာသင်္ဘောအကြီးစားတွေ အသုံးပြုလို့မရတာကြောင့် ဖြစ်ပါတယ်။

ပြည်ပပို့ကုန် ထည့်ထားတဲ့ ကွန်တိန်နာတွေကိုအရွယ်အစား ငယ်တဲ့ feeder ကွန်တိန်နာသင်္ဘောများဖြင့် တစ်ဆင့်ခံဆိပ်ကမ်းများဖြစ်တဲ့ စင်ကာပူ၊ သီရိလင်္ကာနိုင်ငံမှ ကိုလံဘို၊ မလးရှားမှ ပေါ့ကလန်း(Port Klang)နှင့် တန်ဂျင်းပဲလာပတ်စ် (Tanjung Pelepas) ဆိပ်ကမ်းတစ်ခုခုသို့ ပေးပို့ပြီး ထိုမှတစ်‌ဆင့် ဥရောပသို့ တင်ပို့ရပါတယ်။ ရက် ၄၀ မှ ၄၅ ရက်အထိ ကြာမြင့်ပါတယ်။ ယခုစမ်းသပ်ပြေးဆွဲတဲ့ တိုက်ရိုက်ခရီးစဉ်က ၁၆ ရက်အတွင်းသာ ကြာမြင့်ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှ ဥရောပသို့ ပို့ကုန်များကို FOB စနစ်ဖြင့် ပေးပို့ကြတာကြောင့် ကွန်တိန်နာ တန်ဆာခကို ဝယ်သူဘက်မှ ကျခံပါတယ်။
ကွန်တိန်နာ ရေကြောင်းသယ်ပို့စရိတ်တွေ မတန်တဆ မြင့်တက်နေလို့ ဝယ်လက်တွေအတွက် စရိတ်ထောင်းပါတယ်။
အဲဒီလို အ‌ခြေအနေမျိုးမှာ ဥရောပ ဝယ်လက်တွေ အတွက် ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု ပေးနေတဲ့ freight forwarder လုပ်ငန်း RifLine Worldwide Logistics က ဘင်္ဂလားဒေ့ရှ်- ဥရောပ တိုက်ရိုက်ခရီးစဉ် စမ်းသပ်ပြေးဆွဲတာ ဖြစ်ပါတယ်။ အီတလီနိုင်ငံ ရောမမြို့အခြေစိုက် RifLine Worldwide Logistics က သူ့ရဲ့ ဖောက်သည်တွေအတွက် အီတလီမှ ညီအစ်မသင်္ဘောကုမ္ပဏီ Kalypso Compagnia di Navigazione SPA ရဲ့ သင်္ဘော ၂ စီးဖြင့် ပြေးဆွဲတာ ဖြစ်ပါတယ်။
၁,၂၀၀ TEU တင်ဆောင်နိုင်တဲ့ အရွယ်အစားဖြစ်ကြတဲ့ Cape Flores နှင့် Songa Cheetah တို့ဖြင့် ၆ လ ပြေးဆွဲဖို့ အစီအစဉ်ရေးဆွဲထားပါတယ်။
Songa Cheetah မှာ ကွန်တိန်နာအလွတ် ၉၄၅ TEU နှင့် အထည်ချုပ်လုပ်ငန်းများအတွက် ကုန်ကြမ်းများ ၇ TEU တင်ဆောင်လာပါတယ်။
အပြန်ခရီးစဉ်မှာ ဥရောပဆိပ်ကမ်းအချိ့အတွက် ဘင်္ဂလားဒေ့ရှ်မှ ပို့ကုန် ကွန်တိန်နာများ တင်ဆောင်မှာ ဖြစ်ပါတယ်။ 


ဘင်္ဂလားဒေ့ရှ်-ဥရောပ ခရီးစဉ်အတွက် ပေ ၂၀ ကွန်တိန်နာတစ်လုံး အမေရိကန်ဒေါ်လာ ၁၄,၀၀၀ အထက်မှာ ရှိပါတယ်။ RifLine Worldwide Logistics က အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ဖြင့် ပြေးဆွဲပေးပါတယ်။

Read times
Rate this item
(4 votes)