Transportation

ချန်ဂီလေဆိပ် လေကြောင်းကုန်စည်များ စုပုံရှင်းဆောင်ရွက်

ချန်ဂီလေဆိပ် လေကြောင်းကုန်စည်များ စုပုံရှင်းဆောင်ရွက်

ဝန်ထမ်းများကြားတွင် Covid-19 ဖြစ်ပွားမှုကြောင့်လည်းကောင်း၊ တရုတ်နှစ်သစ်ကူး အားလပ်ရက်နှင့် တိုက်ဆိုင်နေခြင်းကြောင့်လည်းကောင်း စင်ကာပူလေဆိပ်တွင် လေကြောင်းဖြင့် တင်သွင်းထားသည့် ကုန်စည်များ စုပုံနေခဲ့ပါတယ်။

ကွန်တိန်နာများကို နာရီပိုင်းဖြင့် ကိုင်တွယ်ရှင်းလင်းပေးနေကျ ဖြစ်ခဲ့ပြီး ယခုအခါ ရက်အတန်ကြာသည်အထိ ကြာမြင့်နေပါတယ်လို့ freight forwarder များက ပြောကြားပါတယ်။

စင်ကာပူလေဆိပ်မှလည်း ကုန်စည်များ စုပုံနေကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။
တရုတ်နှစ်ကူးအကြိုကာလဖြင့်သဖြင့် တင်သွင်းတဲ့ ကုန်စည်များ ခါတိုင်းထက် ပိုမိုများပြားနေခြင်း၊ နှစ်သစ်ကူး အားလပ်ရက်တွင်လည်း ကိုယ်စားလှယ်များ ပစ္စည်းလာမထုတ်ကြခြင်း၊ ဝန်ထမ်းများ ကိုဗစ်ဖြစ်ပွားနေသဖြင့် လူအင်အား လျော့နည်းနေခြင်းတို့ အကြောင်းတိုက်ဆိုင်ပြီး ကုန်စည်များ စုပုံနေခြင်းဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

သွင်းကုန်ဌာနမှ ဝန်ထမ်း ၂၄၀ ဦးတွင် တစ်ဦးက polymerase chain reaction test ဖြင့် ဆေးစစ်ခဲ့ရာ တွင် positive ဖြစ်နေပြီး အခြားဝန်ထမ်း အတော်များများတို့က antigen rapid test ဖြင့် ဆေးစစ်ခဲ့ပါတယ်။
ဝန်ထမ်း ၂၄၀ဦးတွင် ၁ ဦး positive ဖြစ်နေပြီး ၎င်းနှင့် ထိတွေ့မှုရှိထားတဲ့ ဝန်ထမ်း ၂၅ ဦးတို့ တစ်ဦးတည်းသီးခြားနေထိုင်ကြရကြောင်း Singapore Airport Terminal Services Limited (Sats) က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အခုလို ကိုဗစ် ကူးစက်ပျံ့နှံ့မှု ကာကွယ်ရေး ဆောင်ရွက်ချက်ကြောင့် ကုန်စည်ပိုင်ရှင်များအပေါ် အပိုဆောင်း ကုန်ကျမှု မရှိအောင် ဆောင်ရွက်မှာ ဖြစ်ကြောင်းလည်း အသိပေး ပြောကြားခဲ့ပါတယ်။

သွင်းကုန်ဌာန တစ်ခုတည်းမှာသာ ကုန်စည်များ ကြန့်ကြာနေခြင်းဖြစ်ပြီး ခရီးသည်များအတွက် ဝန်ဆောင်မှုများ အပါအဝင်ကျန်ဌာနများ ပုံမှန်လည်ပတ်နေကြောင်း Sats က ပြောကြားခဲ့ပါတယ်။
ကုန်စည်များ ပြည့်ကျပ်မနေအောင် ကုန်စည်များ ထားရှိရန်နေရာများ တိုးချဲ့ပေးခဲ့ပါတယ်။

အခြားဌာနများမှ ဝန်ထမ်း ၄၀ ဦးဖြင့် အားဖြည့်ပေးတဲ့အပြင် ဌာနမှ ဝန်ထမ်း ၁၀ မှ ၁၂ ဦးအထိ နားရက်များမှာ အလုပ်ဆင်းစေခဲ့ပါတယ်။ လုပ်ငန်းလည်ပတ်မှု ပုံမှန်လည်ပတ်နိုင်ရန် အလုပ်နားရက်တွင် ခံစားခွင့်မက်လုံးများပေးပြီး အလုပ်ဆင်းစေခဲ့ပါတယ်။

Sats က ဖေဖော်ဝါရီလ ပထမအပတ်မှာ စုပုံနေတဲ့ လေကြောင်းကုန်စည်များ ၇၀% ရှင်းလင်းပေးနိုင်ခဲ့ပါတယ်။

အီလက်ထရွန်းနစ် ပစ္စည်းများ၊ စာအုပ်များ အစရှိတဲ့သွင်းကုန်များကို ကုန်သည်များထံ အရောက်နောက်ကျနေတာအတွက် freight forwarder များ ပူပန်ကြကြောင်း straitstimes သတင်းဌာနကို ပြောပြကြပါတယ်။


အရေးပေါ်မှာကြားထားတဲ့ စက်အစိတ်အပိုင်း မရသေးလို့ စောင့်ဆိုင်းနေရတဲ့ သင်္ဘောများလည်း စင်ကာပူဆိပ်ကမ်းမှာ ရှိနေပါတယ်။ စက်ပစ္စည်း မရသဖြင့် ထွက်ခွာချိန် ရွှေ့ဆိုင်းကြရပါတယ်။

လေကြောင်းကုန်စည် လုပ်ကိုင်တဲ့ ကုမ္ပဏီနှစ်ခုရှိပြီး Sats မှာသာ အခက်အခဲ ကြုံနေရတာ ဖြစ်ပါတယ်။ နောက်ထပ်ကုမ္ပဏီဖြစ်တဲ့ dnata က ပုံမှန်လည်ပတ်နေပါတယ်။

ပုံမှန်အားဖြင့် ချန်ဂီလေဆိပ်သို့ ကုန်စည်ပါလာသည့် လေယာဉ်ဆိုက်ရောက်ပြီး ၈ နာရီအတွင်း ကုန်သည်ကို ထုတ်ပေးနေကျ ဖြစ်ပါတယ်။ယခုအခါ ၁၀ ရက်ဝန်းကျင်ကြာမြင့်နေပါတယ်လို့ အမည်မဖော်လိုသူ freight forwarder တစ်ဦးက ပြောကြားပါတယ်။
လေဆိပ်မှ ကုန်စည်များ အချိန်မီ ထုတ်မပေးနိုင်တဲ့အတွက် freight forwarder အချို့က အလုပ်အပ်နှံသူကို ကန်ထရိုက်စာချုပ်ပါ သတ်မှတ်ချက်နှင့်အညီ လျော်ကြေး ပေးခဲ့ကြရပါတယ်။

"နောက်ကျတဲ့အတွက် လာမရွေးတော့တဲ့ ကုန်စည်တွေ ရှိပါတယ်။ သိုလှောင်ရုံမှာ သိမ်းပေးထားရပြီး ညွှန်ကြားချက် လာတော့မှ ညွှန်ကြားချက်အတိုင်း တခြားလေဆိပ်‌ေတွကို ကျွန်တော်တို့ ပေးပို့ရပါတယ်" လို့ သူက ရှင်းပြပါတယ်။

အရေး‌ပေါ် လိုအပ်လို့ မှာကြားထားတဲ့ စက်ပစ္စည်း အရောက်နောက်ကျလို့ ဆိပ်ကမ်းမှ မထွက်နိုင်တဲ့ သင်္ဘောတွေက ဆိပ်ကမ်းမှာ ပိုကြာတဲ့အတွက် အခကြေးများကို စင်ကာပူ ရေကြောင်းနှင့် ဆိပ်ကမ်းအာဏာပိုင် Maritime and Port Authority of Singapore ထံ ပေးသွင်းကြရပါတယ်။ လေဆိပ်ကြောင့် ကြန့်ကြာရတာဖြစ်လို့ အပိုဆောင်း ပေးရတဲ့ အခကြေးတွေ လျော်ပစ်သင့်တယ်လို့ သင်္ဘောကုမ္ပဏီများက ပြောကြားကြပါတယ်။
Sats က အရေးယူဆောင်ရွက်ပေးခဲ့ရာ၌ Maritime and Port Authority of Singapore နင့် ဆက်သွယ်ပြီး လေဆိပ်ကြောင့် ကြန့်ကြာနေရတဲ့ သင်္ဘောများ အပိုဆောင်း ပေးဆောင်ရတဲ့ အခကြေး‌များ ကင်းလွတ်ခွင့် လျှောက်ထားနိုင်အောင် ဆောင်ရွက်ပေးပါတယ်။


ကိုဗစ်ကာလတစ်လျှောက် လေကြောင်းကုန်စည် ပမာဏ မြင့်တက်ခဲ့ပါတယ်။
Changi Airport Group က ပြီးခဲ့တဲ့လမှာ ပြောကြားခဲ့သည်မှာ ၂၀၂၁ ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း လေကြောင်းကုန်စည် တန်ချိန် ၁.၇၆ သန်း ရှိခဲ့ပြီး ကိုဗစ်မတိုင်ခင် ၂၀၁၉ အလားတူကာလထက် ၉၆% ပိုများတယ်လို့ ဆိုပါတယ်။

International Air Transport Association မှ ပြောကြားခဲ့သည်မှာ နယူးယောက် John F. Kennedy International Airport နှင့် အမ်စတာဒမ် Schiphol အပါအဝင် လေဆိပ်အများစုမှာ ဝန်ထမ်းအင်အား မလုံလောက်လို့ လေကြောင်းကုန်စည်များ စုပုံနေတယ်လို့ ဆိုပါတယ်။ ထားစရာနေရာ မလုံလောက်တော့အထိ ဖြစ်နေတယ်လို့ ဆိုပါတယ်။

 

Cargo-After-COVID-2021-696x463.jpg

Read times
Rate this item
(0 votes)